နတ်ဝတ်ပုဆိုး၊ တိမ်မီးခိုး - Welcome
မင်္ဂလာပါခင်ဗျာ........ကျွန်တော့်ရဲ့ blog လေးကနေ နွေးထွေးစွာ ကြိုဆိုပါတယ်။ ဝင်ရောက် ကြည့်ရှူ့သူ မိတ်ဆွေများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

Breaking

Post Top Ad

Friday, 3 November 2017

နတ်ဝတ်ပုဆိုး၊ တိမ်မီးခိုး

နတ်ဝတ်ပုဆိုး၊ တိမ်မီးခိုး
=================

တိုင်းပြည်ကြီးတစ်ခုရှိတယ်။ အဲဒီတိုင်းပြည်ကို အင်မတန်အမြှောက်ကြိုက်တဲ့ ဘုရင်ကြီးတစ်ပါး
အုပ်ချုပ်တယ်။ ဝန်မင်းတွေ၊ မှူးမတ်တွေဟာ နေ့ တိုင်းလိုလို အနှီဘုရင်ကြီးအား မြှောက်ပင့်ရင်းနဲ့
သာ အချိန်တွေကုန်ကုန်သွားတယ်။ တိုင်းရေးပြည်ရာ ဘာမှမယ်မယ်ရရ ဖြစ်မလာဘူး။ အခုခေတ်စကားအရ " ကြပ် " ပေးတယ်ပေါ့...။

တစ်နေ့တော့ ဒီအချက်ကိုသိနေတဲ့ တောသားလူ
လည်တစ်ယောက်က ဘုရင်နဲ့ သူ့အခစားတွေကို
နှိပ်ကွပ်ဖို့ အကြံတစ်ခုရလာတယ်။ စိတ်ကူးစိတ်
သန်း ကောင်းတယ်တယ်လို့ ဆိုရမလားပဲ။  နန်း တော်ထဲကိုဝင်ပြီး ဘုရင်နဲ့ တိုက်ရိုက်သွားတွေ့
တယ်။

" နင် ဘယ်သူလဲ..."

" ကျွန်တော် တောသားတစ်ယောက်ပါ "

" ဘာကိစ္စနဲ့ ငါကိုယ်တော်ကို တွေ့ချင်တာလဲ "

" အမှာစကား ပြောစရာရှိလို့ပါ "

" ကောင်းပြီ...ပြော "

တောသားလူလည်က ပြောတယ်။

" ဒီလိုပါ ကျွန်တော်တောကနေ မြို့ကိုတက်လာတဲ့
နေ့က မြို့မရောက်ခင် ကျူးကျော်ရပ်ကွက်နားမှာ
ရှိတဲ့ ညောင်ကြပ်ပင်အောက် ခဏနားနေတုန်း အဲဒီ ညောင်ကြပ်ပင်မှာ တာဝန်ကျနေတဲ့ ရုက္ခစိုး မင်းက ဆင်းလာပြီး ဘွားကနဲဆို ကိုယ်ထင်ပြပါ
တယ် "

" အင်း...ဆက်ပြော "

" လူတစ်ယောက် သစ်ပင်ပေါ်ကနေ ရုတ်တရက် ခုန်ဆင်းလာတာဆိုတော့ လန့်သွားတယ် "

" အယ်...နင်ပြောတော့ ရုက္ခစိုးဆို...ဘယ်လိုဖြစ်လို့ လူဖြစ်သွားရတာတုန်း...ရှင်းရှင်းပြောစမ်း "

" စိတ်ရှည်မှပေါ့ဗျာ " 

" အေးပါကွာ "

" ဒီလိုပါ...ကျွန်တော်လည်း တွေ့တွေ့ချင်း လူလို့ ထင်တာ...ဒါပေမယ့် သူ့ကိုယ်သူ မိတ်ဆက်တော့မှ ရုက္ခစိုးမှန်းသိတာ "

" ဘယ်လို မိတ်ဆက်လဲ "

" လန့်သွားလား ကောင်လေး...မလန့်နဲ့...ငါဟာမင်းတို့ ပြောပြောနေတဲ့ ရုက္ခစိုးမင်းဆိုတာဖြစ်တယ်လို့ပြောတယ်...သူ့ကိုကြည့်ရတာတော့ သာမန်လူလိုပဲ...ဗွီဒီယိုတွေ၊ ရုပ်ရှင်တွေထဲကလို အချွန်အတက်တွေလည်း မပါဘူး "

" တော်လိုက်တော့...ဒါနဲ့...ဘာမှာလိုက်လဲ "

" နက်ဖြန်ကျရင် ဘုရင်ကြီးရဲ့ မှူးမတ်တွေထဲက
စိတ်ချရမယ့်သူ နှစ်ယောက်၊ သုံးယောက်လောက်
သူ့ဆီလွှတ်ပေးပါတဲ့ "

" ဘာလုပ်ဖို့လဲ...သူနေတဲ့ညောင်ပင်ကို ခုတ်လှဲခိုင်း မလို့လား...အဲဒါ ငါကိုယ်တော်နဲ့ မဆိုင်ဘူး...စည်ပင်ကိစ္စ "

" မဟုတ်ဘူးလေဗျာ...စကားကို ဆုံးအောင်နား
ထောင်မှပေါ့..."

" အဲဒါဆို ဆက်ပြော "

" ဒီလိုရှိတယ်...နတ်သဘင်အစည်းအဝေးတက်
တုန်းက လက်ဆောင်ရထားတဲ့...နတ်ဝတ်ပုဆိုးဆို
လား တိမ်မီးခိုးဆိုလား...ကျွန်တော်လည်းသေချာ
မမှတ်မိတော့ဘူး...အဲဒါ သူ့ဆီမှာရှိတယ်တဲ့...သူနဲ့
မတော်တော့လို့...ဘုန်းကံကြီးမားတဲ့ ဘုရင်ကြီးကို
လက်ဆောင်အဖြစ် ပေးချင်ပါတယ်တဲ့...အဲဒါကြီး
ကို မနက်ဖြန်နံက်ကျရင် မှူးမတ်တွေလွှတ်ပြီး လာ
ယူခိုင်းပါတဲ့...ဒါပဲ "

တောသားလူလည်ရဲ့ စကားကိုကြားတော ဘုရင်
ကြီး နှလုံးပီတိ၊ ဂွမ်းဆီထိသလို ပြီတီတီကြီးဖြစ်
သွားတယ်။ ရုက္ခစိုးမင်းတောင် သူလိုဘုန်းရှင်ကံ
ရှင် ဘုရင်ကို နတ်ဝတ်ပုဆိုးဆက်သရတယ်ဆိုတဲ့ အတွေးဝင်လာပြီး ပုလ္လင်ထက်မှာ ရွစိရွစိဖြစ်လာတော့တယ်။

" ဟေ...ဟုတ်လား...တကယ်ကြီးလား..."

" မယုံလဲနေဗျာ...ပြန်တော့မယ် "

" ယုံပါတယ်...ယုံပါတယ်...မပြန်ပါနဲ့ဦးကွာ...မင်း
ကလည်း...အဲဒီပုဆိုးက ဘယ်လိုအစွမ်းရှိတယ်လို့
မှာလိုက်သေးလား "

" အင်း...မှာလိုက်တယ်...အဲဒီပုဆိုးကို ဘုန်းတန်ခိုးကြီးမားတဲ့လူတွေသာ မြင်နိုင်တွေ့နိုင်တယ်တဲ့..ပြီးတော့..."

" ပြီးတော့ဘာဖြစ်လဲ ..."

" အယ်...မလောနဲ့လေဗျာ...ရာဇအိနြေ္ဒ လေးကိုတော့ ထိန်းဦမှပေါ့...ဆက်ပြောမယ်နားထောင် "

" အင်း "

" အဲဒီနတ်ဝတ်ပုဆိုးဟာဆိုရင် အရှင်မင်းကြီးပေး
သနားတဲ့ လစာရိက္ခာတွေကို လိမ်ညာစားသောက်
နေသူတွေ၊ ရာထူးဌာနန္တရနဲ့ မထိုက်တန်သူတွေ၊ 
ပြောတော့တစ်မျိုး လုပ်တော့တစ်လွဲ အမတ်တွေ
ဘယ်လိုမှ မမြင်နိုင်ပါတဲ့ဗျာ...ကဲ...သဘောပေါက်
ပြီလား...အဲဒါပဲ ကျုပ်လည်းပြန်တော့မယ်..."

" အေး...အေး...ပြန်တော့သားရီး "

(၂)

နောက်တစ်နေ့ နံနက်စောစောအချိန် တောသားလူလည်နဲ့အတူ အမတ်မင်းအချို့ ရုက္ခစိုးမင်းစိုးစံရာညောင်ကြပ်ပင်ဆီသို့ ရွှေကလပ်တော်ကိုပိုက်၍ ချီတက်လာကြသည်။ ကွမ်းတစ်ယာညက်ခန့်အကြာတောသားလူလည်ခေါ်ဆောင်ရာ ညောင်ပင်ခြေရင်းသို့ ရောက်ချေပြီ။ ရောက်တယ်ဆိုရင်ပဲ တောသားလူလည်က ရုက္ခစိုးမင်းကို အော်ခေါ်လိုက်ပါတယ်။

" ဗျို့...ရုက္ခစိုးမင်းကြီး...အားရင်ခဏလောက်
အောက်ကိုဆင်းခဲ့ပါဦးဗျ...ကျုပ်တို့ နတ်ပုဆိုးလာ
ယူတဲ့သူတွေပါ...ဘုရင်ကြီးရဲ့ အမတ်တွေနဲ့ ရွှေက
လပ်ကြီးလည်း ပါလာတယ် "

တောသာလူလည်က ဝန်မင်းတွေဖက်လှည့်ပြီး တ
ဆက်တည်း ထပ်ပြောတယ်။

" ရွှေကလပ်ပိုက်ထားတဲ့ ဟို...ဝန်မင်းကြီး ရှေ့ကို
ထွက်လာခဲ့...ရုက္ခစိုးကြီး အပင်ပေါ်ကနေ ဆင်းလာတော့မယ် "

နတ်ပုဆိုးထည့်ယူမည့် ရွှေကလပ်ကြီးပိုက်ထား
သောဝန်မင်းလည်း ဘုမသိဘမသိနဲ့ ရှေ့ကိုကုပ်
ချောင်းချောင်းထွက်လာတယ်။ တောသားကိုလူ
လည်က-

" ကဲ...အားလုံးမျက်လုံးတွေ ခဏပိတ်ထားပေး...
ရုက္ခစိုးမင်းဆင်းလာပြီ...နတ်ပုဆိုးကို ရွှေကလပ်
ပေါ်တင်ပေးတော့မယ်...ကျွန်တော်ကဖွင့်တော့ဆိုမှ မျက်စိကိုဖွင့်ပါ...သေချာလုပ်ကြနော် "

ဝန်မင်း၊ အမတ်မင်းတို့ ရို့ရို့လေးထိုင်၍ မျက်လုံး လေးတွေကို ကိုလူလည်ခိုင်းသည့်အတိုင်း စုံမှိတ် ထားကြတယ်။ စိတ်ထဲမှာတော့ ဘယ်လိုရှိမယ်မ
သိ။ ခဏကြာသော်....

" ကိုင်း...ပိတ်ထားတဲ့ မျက်လုံးတွေ ပြန်ဖွင့်လို့ရပါ
ပြီ...ရွှေကလပ်ပေါ်က နတ်ဝတ်ပုဆိုးကို ဝန်မင်း၊ အမတ်မင်းများ အားပါးတရ ရှူ့စားကြပါခင်ဗျား"

ထိုစဉ် အမတ်အုပ်ထဲမှ အသံတစ်သံထွက်လို့လာ
တယ်။

" လခွမ်း...အဟုတ်မှတ်လို့ ဘာမှလည်းမတွေ့ပါ
လား...ငလူးလေး...ငါတို့ကိုခေါ်ပြီး သက်သက်မဲ့
ဂျင်းထည့်တာ "

" ဘာဗျ...အဲဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ...
ခင်ဗျား ဘုရင်မင်းကြီးပေးသနားတဲ့ လစာတွေကို
လိမ်ညာယူနေသော အမတ်ဆိုတာ သေချာသွား
ပြီ...ကျွတ်...ကျွတ်...ကျွတ်..."

အမတ်ကြီးလည်း သူ့စကားမှားသွားတာကို သတိ
ရသွားသဖြင့် ချက်ချင်းပဲ ကောက်ကာငင်ကာ ပြန်
ပြင်လိုက်ရတယ်။ မပြင်လို့လည်း မရတော့ဘူး။ 
မပြင်ရင် တောသားပြောတဲ့အတိုင်း ဖြစ်ရတော့
မယ်။ 

" နေ...နေပါဦး မောင်ရင်ရယ်...အဘိုးက မျက်မှန်မတပ်ဘဲ ကြည့်လိုက်တာဆိုတော့ ဘာမှမမြင်ရဘူးကွဲ့...ခဏလေးနော်...အဘိုးမျက်မှန်တပ်လိုက်ဦးမယ် "

အမတ်မင်းကြီး ကပျာကသီ မျက်မှန်တပ်ပြီးသည့်
နောက်...

" အလိုလေး....!
အင်မတန်ခမ်းနားတဲ့ နတ်ဝတ်ပုဆိုးပါကလား...တသက်နဲ့တကိုယ် ခုမှပဲမြင်တွေ့ဖူးတော့တယ်...ဟေ့ဝန်မင်းတို့ ကျုပ်ပြောတာ ဟုတ်မဟုတ် ကြည့်ကြစမ်းပါဦးဟ..."

ဝန်တစ်သိုက်ကလည်း ညီညာစွာပင် ရောယောင်
လိုက်ကြသည်။

" ဟုတ်ပဗျာ...အဆင်ဆန်းဆန်းလေးဗျ...ချောနေတာပဲ...ကျုပ်ဖြင့် ကိုင်ကြည့်ချင်သပ..."

" အို...ကိုင်လို့ရမလားဗျ...မင်းကြီးသိရင် တင်း
သွားဦးမယ် "

" ခင်ဗျားတို့တော့ မသိဘူး...ကျုပ်ကတော့ တံဆိပ်လေးတောင် တွေ့နေရသေး...ဘာတဲ့......ဦးဂျမ်း ချည်ချောလုံချည်ဆိုလား..."

" ...ဝန်မင်းကြီးကလည်း လုပ်ရော့မယ်..ဦးဂျမ်း
မဟုတ်ဘူး...UG ၂/၈၀ အသင့်ချုပ်ပြီး လုံချည်ပါ
ဗျ "

" အတူတူပဲ မဟုတ်လားဟ "

ထိုကဲ့သို့ တစ်ယောက်နဲ့တစ်ယောက် အရည်မရ အဖတ်မရ ငြင်းခုံနေကြချိန် တောသားကိုလူလည်
မှ....

" ကဲ...ကဲ...တော်ကြ တိတ်ကြ...အကျိုးမရှိတဲ့ စ
ကားတွေကို အာပေါင်အာရင်းပြောနေတာ ရပ်ကြ
တော့...ကျွန်တော်ပြောချင်တာက အခုဆိုရင် ခင် ဗျားတို့အားလုံးဟာ ဘုရင်ကြီးရဲ့ ဝန်ထမ်းကောင်း
ဆိုတဲ့ ဘောင်ထဲကိုဝင်သွားပါပြီ...ဒီတော့ကာ နတ်
ဝတ်ပုဆိုုး၊ တိမ်မီးခိုုးကို သေသေချာချာ ဂရုတ
စိုက်ယူသွားပြီး ဘုရင်ကြီးကို ဆက်သလိုက်ကြပေ
တော့...ကိုင်း...မွန်းမတည့်မီ ခပ်သုတ်သုတ်လေး
လစ်ကြပေတော့ဗျို့..."

အမတ်တစ်သိုက်နဲ့ ဝန်တစ်အုပ်လည်း ဘာဆိုဘာမှမရှိသော ရွှေကလပ်အခွံကြီးကို ကိုင်မြှောက်လျက်အောင့်သက်သက်ဖြင့် နန်းတော်သို့ ပြန်ခဲ့ကြလေတော့သည်။

(၃)

နန်းတော်သို့ ပြန်ရောက်ကြသောအခါ...

" ဟဲ့...မောင်မင်းတို့ ပါခဲ့ရဲ့လား "

" ဘာတုန်းဗျ...အရင်းမရှိ အဖျားမရှိနဲ့...ဘာပါတာ
လဲ "

" နင်တို့ နတ်ပုဆိုးသွားယူတာ မဟုတ်...ဘာမသိသလို ဖြစ်နေတာလဲ "

" ေဩာ်...မေ့သွားလို့ပါ...ပါလာပါတယ်ဗျ...ရော့...ရော့ ဒီမှာ "

ဟမ်...!

ဘုရင်လည်း ထိုနည်းလည်ကောင်း ဘာမှမတွေ့ရ
သဖြင့် အမှတ်မထင် အာမေဋိတ်သံ ထွက်လို့လာ
တယ်။ ပြီးမှ ဟိုတောသားရဲ့စကားကို ပြန်အမှတ်
ရသွားတယ်။ 

" နင်တို့ဟာက ဘာမှမရှိပါလားလို့ ငါကမေးရင် နင်တို့ကဖြေမယ်...ဘုန်းကံအလွန်နဲပါးလှတဲ့ ဂျွတ်စပွတ် ဘုရင်ကြီးလို့....ဒါပေမယ့် ဘယ်ရမလဲ...ငါလည်း နင်တို့လိုပဲ မြင်ရတယ် "

" ဟုတ်တယ်...ဒါအမှန်ပဲဖျာ့..."

" အိမ်း...ပြောနေကြာတယ်...နတ်ပုဆိုးကို အခုပဲ
ငါကိုယ်တော် ဆင်မြန်းတော့မယ်...မိဖုရားကြီးရဲ့
တစ်ကိုယ်လုံးပေါ်တဲ့မှန်ကို ယူခဲ့ချေစမ်း ဝန်မင်း
တို့ "

ဘုရင်ကြီးလည်း ပြောပြောဆိုဆို ခါးဝတ်ပုဆိုးကို
ရုတ်တရက် ချွတ်ချလိုက်ပြီး ရွှေကလပ်ပေါ်မှာ 
ဘာမှမရှိတာကို အရှိလုပ်၍ ပုဆိုးဝတ်လေဟန် ပြုလေတော့သည်။ ဘုရင်ကြီးရဲ့ ပကတိအခြေအနေ မှန်အား ကြည့်စရာမလိုလောက်အောင် သိသွား ကြပြီမို့ ဝန်ကြီး၊ အမတ်ကြီးတို့ ခေါင်းငုံ့ကာ ' ခွီး ' ကြတော့တယ်။ 

" ဟဲ့...မောင်မင်းများ...ငါကိုယ်တော်ကို...ကြည့်
ကြပါဦးဟ...ဒီအဆင်လေးနဲ့...လန်းရဲ့လားလို့ "

" လန်းမှလန်းဗျို့...မိမွေးတိုင်း ဖမွေးတိုင်းကို လန်း တာ "

" ဘာတုန်းဟ...မိမွေးတိုင်း ဖမွေးတိုင်းလန်းတယ်
ဆိုတာ "

" ေဩာ်...ဒီလိုပါ...အမေ အဖေက မွေးထုတ်လိုက်တာထက်ပိုပြီး ခန့်ငြားလာတယ်လို့ ပြောတာပါ "

" အေ...ရှိစေတော့ ရှိစေတော့ "

" ဒါနဲ့ ရှေ့ဆုံးက အမတ်ကြီးဦးဉာဏ်တိမ် ဘာလို့ ခေါင်းကြီးကို ငုံ့ထားတာလဲ...ဒီကိုကြည့်စမ်းပါ "

" ဘာမှမဟုတ်ပါဘူး...နှလုံးရောဂါအခံလေးရှိလို့
စိတ်လှုပ်ရှားစရာတွေဆိုရင် မကြည့်ပါနဲ့လို့ ဆရာ ဝန်က မှာထားတယ်..."

" ဒါဆိုလည်းပြီးရော...ဟို...ဘယ်ဘက်မှာ ထိုင်နေတဲ့ ဝန်ကြီးဦးငပိန်းရော..."

" ကျုပ်က ပိုတောင်ဆိုးသေး...နန်းတော်တွင်းမှာ
အဲယားကွန်းတွေဖွင့်ထားတာများတော့ အပူအ
အေးမမျှဘဲ ချက်ချင်းမျက်စိနာလာလို့ လုံးဝကို
ဖွင့်မရတော့ဘူး..."

" အဲဒါဆို...နောက်ဆုံးမှာ ထိုင်နေတဲ့ အမတ်မင်း
ဦးဝီစကီရော ဘယ်လိုလဲ "

" ညကနည်းနည်းများသွားလို့ ဇက်ကြောတွေလေးပြီး ခေါင်းတောင် ကောင်းကောင်းထောင်လို့မရသေးဘူး...နောက်မှပဲ ကြည့်တော့မယ်ဗျာ "

" မြို့ဝန်မင်းကြီး ဦးတလွဲ နင်ကတော့ အားလုံး
ကောင်းမယ်လို့ထင်တယ်...ဘယ့်နဲ့လဲ "

" ကျုပ်က အဆိုးဆုံးပဲ...နန်းတော်ကိုအလာမှာ ပါ
ဝါမျက်မှန်ကြီး ကျကွဲသွားလို့ အခုဆို အကန်းလို
ဖြစ်နေပြီ...ဘာဆိုဘာမှ သည်းသည်းကွဲကွဲ မမြင်
ရတော့ဘူး..."

ဘုရင်ကြီး တော်တော်စိတ်ဓာတ်ကျသွားတယ်။
ရာဇပုလ္လင်ထက်မှာ လက်နှစ်ဖက်နောက်ပစ်ပြီး ဟိုဖက်လျှောက်လိုက် ဒီဖက်လျှောက်လိုက်နဲ့ စဉ်း
စားခန်းဝင်နေတယ်။ ခဏအကြာ ဝမ်းခေါင်းသံ
ကြီးနဲ့ ထအော်လိုက်တယ်။

" အကြံရပြီဟေ့..."

(သံပြိုင်)" ကဲ...ပြောစမ်းပါဦး...ဘာအကြံလဲ "

" မောင်မင်းတို့အားလုံး ဂီလာနတွေဖြစ်နေတော့
တစ်ယောက်မှ ကြည့်မရဘူး...ဒီတော့..မြင်ဖူးတွေ့
ဖူးတယ်လည်းရှိအောင်၊ ဗဟုသုတလည်းရအောင်
မောင်မင်းတို့ရဲ့ ဇနီးမယားတွေကို ခေါ်ကြည့်ခိုင်း
ရင် မကောင်းဘူးလား.....အမှတ်တရရှိတာပေါ့
ကွယ် "

" မဖြစ်ဘူး...မဖြစ်ဘူး...ဒါလုံးဝမဖြစ်နိုင်ဘူး "

" ဒါဆို ဘယ်သူ့ကို ခေါ်ကြည့်ခိုင်းရလဲ "

" တစ်ယောက်တော့ရှိတယ်ဖျာ့ "

" ဟေ...ဘယ်သူလဲ "

" မိဖုရားကြီးပါ "

" ငါ့မိဖုရားကြီး သွေးတိုးနေတယ် "

ထိုစဉ်အချိန်မှာ ဘုရင်ကြီးရဲ့ ဖုန်းမြည်သံထွက်လို့
လာတယ်။ ပုလ္လင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး
ဖုန်းစပီကာကို ဖွင့်လိုက်တယ်ဆိုရင်ပဲ....

" ဟလို...."

" မင်းကြီးလား "

" အေး "

" ရုက္ခစိုးမင်းမှာလိုက်တာ တစ်ခုရှိသေးတယ်။ မေ့
လို့မပြောဖြစ်လိုက်ဘူး..."

" ဘာများတုန်း "

" ဒီလို...အဲဒီနတ်ပုဆိုကို အလိုရှိက လိုသလောက်
ပွားယူလို့ရကြောင်းနဲ့...ဝန်းမင်း၊ အမတ်မင်းတွေ
ကို ပေးဝတ်ပါက ဘုန်းကျက်သရေတိုးကြောင်း
ပါ ခင်ဗျ...ဒါပါပဲ "

တောသားဖုန်းချသွားပြီးနောက်....

" ကဲ...ကြားရဲ့လားကွဲ့ မောင်မင်းတို့က မျက်စိမ
ကောင်းပေမယ့် နားတော့မထိုင်းလောက်ပါဘူး "

" ကြားပါတယ်...ကြားပါတယ် "

" ကြားရင်ဝတ်ကြပေတော့ "

(၄)

သို့နှင့် ဘုရင်ကြီးနဲ့ သူ့ရဲ့အမတ်တွေ၊ ဝန်တွေအား လုံး အောက်ပိုင်းဗလာကျင်း၍ ဗရုတ်သုတ်ခဖြစ်
နေကြတယ်။ ဘုရင်ကြီးမှ အကြံတစ်ခုကို တင်ပြ
လာပြန်တယ်။

" နတ်ဝတ်ပုဆိုး တိမ်မီးခိုးဆိုတာ နတ်တို့တန်ဆာ
ဖြစ်တာကြောင့် ငါ့ရဲ့တိုင်းပြည်တွင်းက ပြည်သူ
ပြည်သားတွေကိုလည်း တွေ့ဖူးစေချင်တယ်....ဒါ့
ကြောင့် ကိုယ်တိုင် ဆယ်လ်ဖီဆွဲပြီး လိုင်းပေါ်ကို
တင်ကြစို့....ဒါမှ ပြည်သူတွေအကုန်သိမှာ....ကိုင်း
မောင်မင်းတို့လည်း ရိုက်ကြတော့...ငါကိုယ်တော်
လည်း အခုပဲရိုက်ပြီ "

(၅)

ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး နောက်တစ်နေ့
၌ ဘုရင်ကြီးရဲ့နန်းတော်ရှေ့မှာ ဆူညံဆူညံဖြစ်နေ
သံများကိုကြားရတယ်။

( အရှက်မရှိတဲ့ဘုရင်ကြီး အလိုမရှိ )

( သိက္ခာမရှိတဲ့ ဝန်မင်း၊ အမတ်မင်းများ အလိုမရှိ )

ဟူသော စာများရေသားထားသည့် ဗီနိုင်းများကို
ကိုင်ဆောင်၍ လူအုပ်ကြီးသည်......

" ဘုရင်ကြီးကို စိတ်ကျန်းမာရေးဆေးရုံ ပို့ဖို့အ
ရေး..."

" ဒိုအရေး....ဒို့အရေး..."

" ဝန်ရူး၊ အမတ်ရူးများ ရွာသာကြီးကို ပို့ဖို့အရေး "

" ဒို့အရေး... ဒို့အရေး..."

ဟု ကြွေးကြော်လျှက် ဆန္ဒထုတ်ဖော်ပွဲကြီးအား
စည်ကားသိုက်မြိုက်စွာဖြင့် ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲ နေကြလေတော့သတည်း။ ။ ။

Phyo Zaw Oo
Photo Credit: ကာတွန်း မောင်မောင်ဖောင်တိန်

No comments:

Post a Comment