မကြာခင်သီတင်းကျွတ်ကာလရောက်တော့မည်။သီတင်းကျွတ်ဆိုသည်ကား ယခုအခါ လူတွေက ပျော်ပွဲရွှင်ပွဲကျင်းပသည့် အချိန်ကာလ ၊ ဒါမှမဟုတ် လူကြီးသူမတွေကိုလိုက်လံကန်တော့ပြီးမုန်ဖိုး တောင်းကြသည့် အခါဟု သာ မြင်ကြတော့သည်။ ဒီလိုမြင်လို့ ယနေ့ခေတ်ကလေးနှင့် လူငယ်တွေကို သိပ်အပြစ်တော့မဆိုသာ။လက်ရှိခေတ်ကာလအချိန်ကာလ အရ ဘာသာရေးနှင့်ဝေးနေသည့် လူငယ်လူရွယ်ကများနေသလို ယခု လူကြီး အရွယ်တွေကိုယ်တိုင် သီတင်းကျွတ်ဖြစ်ပေါ်လာပုံနှင့် ဘာသာရေး အရ ဘယ်လောက် မြင့်မြတ်သည့်ကာလဆိုတာကိုသိကြသူကနည်းသည်။ ဒီတော့ ဘာသာရေးအရ အဓိပ္ပါယ်ထူးခြားလွန်းသည့် သည်ကာလကို တန်ဖိုးထားသူနည်းလာသည်က မထူူးဆန်း။
တစ်ကယ်တော့ သီတင်းကျွတ်ကာလဆိုသည်မှာ ထေရဝါဒ ဗုဒ္ဓ ဘာသာ ဝင်များအတွက် နေ့ထူး နေ့မြတ်၊ မိဘမေတ္တာကို သုံးလောက ထွဋ်ထား ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် မိခင်ကျေးဇူးကို ဆပ်သည့် အချိန် အခါ ဖြစ်သည်။ ဗုဒ္ဓစာပေများအရ မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီးနောက် သတ္တမဝါကို တာဝတိံသာ နတ်ပြည်တွင် ဝါကပ်တော်မူပြီး မယ်တော် သန္တုဿိ တ နတ်သား ကို မိဘကျေးဇူး ဆပ်သည့် အနေဖြင့် တာဝတိံတာ နတ်ပြည် ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက် ဖြာထက်တွင် ဓမ္မ သင်္ဂ ဏီ ကျမ်း၊ ဝိဘင်းကျမ်း၊ ဓာတုကထာကျမ်း ၊ ပုဂ္ဂလပညတ်ကျမ်း၊ကထာ ဝတ္ထုကျမ်း၊ ယမိုက်ကျမ်း၊ပဋ္ဌာန်းကျမ်းစသည့်အဘိဓမ္မာ(၇)ကျမ်းကို
ဟောကြားခဲ့ကာစကြဝဠာ နေရာအနံှ့မှနတ်ဗြဟ္မာအပေါင်းတို့အား
ခြွေချွတ်ခဲ့ သည်။ သီတင်းကျွတ် လပြည့်နေ့ ရောက် သောအခါ ဘုရားရှင် သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်း တန်း၊ ငွေစောင်း တန်း၊ ပတ္တမြား စောင်း တန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ပြည်ဖြစ် သော သင်္ကဿ နဂိုရ် ပြည်သို့ပြန်လည်ဆင်းသက်ကြွမြန်းတော်မူ သည်။
ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်း ပူဇော်သည့် အစဉ်အလာမှာ ရှေးမှ မကြာသေး ခင် ကာလအထိ အထင်အရှားရှိခဲ့သည်။ ထိုနေ့ကို တာဝတိ ံ သာနတ်ပြည်တွင် အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီး လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် “အဘိဓမ္မာအခါတော်နေ့” ဟု လည်း သတ်မှတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများ ယခင်က မြို့ရွာ အနှံ့ကျင်းပခဲ့ကြသည်။
တခြားသော အဆိုအရ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော် မူသောအခါ လကျာၤ ဘက် ရွှေစောင်းတန်းတွင် နတ်ဒေဝတာများ၊ လက်ဝဲဘက် ငွေစောင်းတန်းတွင် ဗြဟ္မာများ ခြံရံ ကာ ကိုယ်တော်တိုင် အလယ် ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူလာသည့် ဘုရားရှင် ၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံ သော အသရေတော်ကို ဖူးမြင်ကြ ရသော အခါ ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရား ဆုကိုဖူးကြသူတိုင်း တောင်းမိကြသဖြင့်“ဘုရားဆုပန်နေ့”ဟုလည်း ခေါ်ကြသည်။
အဆိုပါသီတင်းကျွတ်လပြည့်နေ့တွင် ဝါတွင်းသုံးလကုန်ဆုံးကာ ရပ်ဝေးသွားခွင့်မရသည့် စသည့် ဝါတွင်းကာလ စောင့်ထိန်းရသည့် သိက္ခာ ပုဒ် များကို ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ဝါဆို တော်မူကြကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်း သုံး နိုင်သည့် အခွင့်အရေးကို ရရှိကြသလို ဝါဆိုကြသည့် သံဃာများ အတွက် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့် အရေး လည်း ရရှိကြသည့် ကာလဖြစ်သည်။
ဤကာလတွင် ဝါဆိုခဲ့ကြသည့် ရဟန်းသံဃာတို့ ဝါတွင်းကာလ အတွင်း သံဃာအချင်းချင်း မြင်မှား ယုံမှားသံယတို့ ချေဖျက်သည့် ‘ပဝါရဏာပွဲ’ ကို ပြုလုပ်ရသည်။ ‘ပဝါရဏာ’ ဆိုသည်မှာ ‘ဖိတ်ကြားခြင်း’ ဟု အဓိပ္ပာယ်ရသည့် ပါဠိစကား ဖြစ်သည်။ ရဟန်းတော်အချင်းချင်း ‘မြင်ရ၍၊ ကြားရ၍၊ သံသယဖြစ်၍ အပြစ် ရှိသည်ဟု ထင်မြင်ပါက အချင်းချင်း ပြော ဆို ဆုံးမတော်မူပါ’ဟု ဖိတ်ကြားခြင်းကို‘ပဝါရဏာ’ဟု ခေါ်ကြခြင်းဖြစ်သည်။
‘ပဝါရဏာ’ပြုသည့်အခါ ဝါဆိုခဲ့သည့် ကျောင်းတိုက်တွင်းရှိ သံဃာအားလုံး သိမ်ထဲတွင် စုရုံးနေရာယူရ ကာ သံဃာတစ်ပါးပါးက “အရှင်ဘုရားတို့ .. သံဃာတော်သည် တပည့်တော် ၏ စကားကို နားစိုက်တော်မူပါ။ ယနေ့ ပဝါရဏာပြုရ မည့်နေ့ ဖြစ်ပါသည်။ သံဃာတော်များ ညီလျှင် ပဝါရဏာ ြပြုကြ ပါစို့” ဟု သံဃာ အားလုံး အား အသိပေးပြီးရသည်။
ထိုအခါ သံဃာထဲမှ အကြီးဆုံး ပုဂ္ဂိုလ်၊ သို့မဟုတ် ကျောင်းထိုင် ပုဂ္ဂိုလ် က စ၍ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီ မိုးကာ “ ငါ့ရှင်တို့ … မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း သုံးမျိုးဖြင့် သံဃာအား ဖိတ်ကြား ပါ၏။ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သော အားဖြင့် မထိန် မချန် အမှန်အတိုင်း ပြောဆို ဆုံးမကြပါ။ မိမိ အပြစ်ကို သိမြင်ရလျှင် ကုစား ပါမည်” ဟု သုံးကြိမ်တိုင်တိုင် သိမ်အတွင်းရှိ သံဃာ အားလုံး ကို ဖိတ်ကြား လျှောက်ထားရသည်။
ထို့နောက် အဆိုပါ အတိုင်း ဝါစဉ် အလိုက် သံဃာတော်အားလုံး အငယ် ဆုံး ရဟန်းသံဃာအထိ လျှောက်ထား ရကာ ရဟန်းသံဃာများ တစ်စုံတစ်ရာအပြစ်မြင်တွေ့ရလျှင်အချင်းချင်း ပြောဆိုညွှန်ပြကြခြင်း ဖြင့်
ခြင်းဖြင့်‘ပဝါရဏာ’ပြုကြရသည်။ထို့ကြောင့် မြတ်စွာဘုရားရှင်ချမှတ်ခဲ့သည့် ကောင်းမြတ်သော သဃာအချင်းချင်း ပြုပြင် ထိန်း သိမ်းနိုင်သည့် မွန်မြတ် သော အချိန်ကာလလည်းဖြစ်သည်။
ဤကာလတွင် ဝါတွင်း သုံးလ ဝါဆို ဝါကပ်တော် မူခဲ့ကြသော ရဟန်းတော် များအား ကထိန်သင်္ကန်း ခံယူခွင့်ကို ဗုဒ္ဓဘုရားရှင်က သီတင်းကျွတ် လပြည့်မှ တန်ဆောင်မုန်းလပြည့် အထိ တစ်လ အတွင်း ခွင့်ပြု ခဲ့ထား သဖြင့် ဗုဒ္ဓဘာသာဝင်တို့ မှာ ကာလဒါန အဖြစ် ကထိန် သင်္ကန်း ကို သီတင်းကျွတ် လပြည့်နေ့တွင် သူ့ထက်ငါဦး ပြုလုပ်လှူဒါန်းခွင့် ရှိသည့်ကာလဖြစ်သည်။ထို့ပြင် ဗုဒ္ဓဘုရားရှင်သည် တစ်ဝါတွင်းလုံး တာဝတိံသာ နတ်ပြည် သို့ ကြွရောက်တော် မူ၍ မယ်တော် မိနတ်သား အား နို့ဖိုး ဆပ်ဒေသနာ ဟောကြား၍ ကျေးဇူးဆပ်တော်မူပုံ ကို စံထား ကာ ဤသီတင်း ကျွတ်လ ပြည့် အခါတော်နေ့တွင် ရဟန်းသံဃာ ၊ မိဘ ဆရာသမားနှင့် အသက် ဂုဏ်သိက္ခာကြီးရင့်သူတို့ကို ကန်တော့ ခြင်းဖြင့် ‘ဝါကျွတ် ပူဇော်ကန်တော့ပွဲ’ ကို ထေရဝါဒဗုဒ္ဓ ဘာသာဝင်တိုင်း ပြုလုပ်လေ့ ရှိကြသည်။
ထိုသို့ ဝါကျွတ် ပူဇော်ကန်တော့ရာတွင် မိဘနဲ့တကွ လူကြီးသူမ များကို ကာယကံ ဝစီကံ မနောကံတို့ဖြင့် ပစ်မှားခဲ့သည်ရှိသော် ခွင့်လွှတ် ရန် လက်အုပ်ချီကာ ဝန်ချတောင်းပန်ကန်တော့ကြသည်။ ကန်တော့ခံ ရ သည့် လူကြီးမိဘများကလည်း ငါ့သား၊ငါ့သမီးငါ့တူငါ့မြေး၊ငါ့ညီငါ့ညီမ ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေ အန္တရာယ်မျိုး ၉၆ ပါးကင်းကြပါစေ၊ပြော မှားဆိုမှား ကြံမှားသမျှ အပြစ်ရှိက ပိန်းကြာ ဖတ်ပေါ်ရေမတင် သကဲ့သို့ လျင်မြန်စွာလျောကျ ပျောက်ကင်းပါစေ ဟု ဆုပေးကြသည်။
ဤကားဘာသာရေးအရ ထူးမြတ်သည့် သီတင်းကျွတ်ကာလ ၏ တန်ဖိုးဖြစ်သည်။ သီတင်းကျွတ်ကာလမှာ လောကီအမြင်တွင်တခြားသော အဓိပ္ပါယ်ကိုလည်း ဆောင်နေသေးသည်။ရှေးမြန်မာကျောက်စာများ၌
သီတင်းကျွတ် လကို `သန ္တူလ´ ဟု ရေးထိုး ကြသည်။ ဤလမှာ ကြယ်တာ ရာ နက္ခတ်တို့ စုဝေး သောမိုးကာလအဖြစ် ၊တောင်သူလယ်သမား တို့ စိုက်ပျိုးထားသောစပါးပင်များသန်စွမ်းစွာ ထောင်မတ် သောလအဖြစ် ရှေးလူ ပညာရှိများက ဖွင့်ဆို ကြသည်။ သီတင်းကျွတ်လမှာ မြန်မာ ၁၂ လရာသီ တွင် သတ္တမမြောက်လဖြစ်ပြီး ဝါတွင်းသုံး လတာ ကာလ ၏ နောက်ဆုံး လလည်း ဖြစ်သည်။ သီတင်းကျွတ်ကာလ၏ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး၊ နက္ခတ်အရ အဿ၀ တီ ကြယ်နှင့် လမင်းတို့စန်းယှဉ်ကာ မွန်း တည့်သည်။ ရာသီ အမှတ်တံဆိပ်မှာချိန်ခွင်ရုပ်ဖြစ်သည်။ ရာသီပန်းမှာ ကြာဖြူပန်းဖြစ်ပြီး ထိုကာလတွင် ကြာမျိုးငါးပါးစုံစုံလင်လင်ပွင့်ကြသည် ။ ရှေးအခေါ် ‘ သန်တူလ’၊ယခုအခေါ်‘သီတင်းကျွတ်လ’တွင်ဘာသာရေးနှင့် နှီးနွှယ် သော ပွဲတော်များကို ရှေးမင်းများ လက်ထက်မှ ယနေ့တိုင် ‘ မြန်မာ့ရိုးရာယဉ်ကျေး မှုတစ်ရပ်’အနေဖြင့်ကျင်းပခဲ့ကြသည်။သို့သော်ယခုအခါတွင် တောလည်း တောအလျှောက် မြို့လည်း မြို့အလျှောက် ယခင်ကထက် စည်ကားမှု နည်းလာကာ တခြားသော ပျော်ပွဲရွင်ပွဲများက တစတစဖုံးလွှမ်း လာခဲ့ပြီ ဖြစ် သည်။
ဗုဒ္ဓစာပေလာသီတင်းကျွတ်လပြည့်နေ့ ဖြစ်ပေါ်လာရသည့်
အကြောင်း အရာကို သိသူပင် နည်းလာပြီ ဖြစ်သည်။ ကျွန်တော်တို့ ငယ် စဉ်၈၀ ကျော်ခုနှစ်များကသီတင်းကျွတ်ဆိုသည်မှာတမေ့တမော စောင့်မျှော်ရသည်အချိန်ကာလဖြစ်သည်။ထိုအချိန်အခါကလူငယ်လူရွယ်များ၊လူကြီးသူမ များမှာ ဘာသာရေး အဆုံးအမ အောက်၊ သိက္ခာပုဒ်စောင့်ထိန်းသော ရဟန်းသံဃာများ၏ဆိုဆုံးမသည့် သြဝါဒအတိုင်း ရိုးရှင်းစွာနေထိုင်ကာ အစဉ်အလာအတိုင်းနေထိုင်ခဲ့ကြသည်။
ထိုဝါတွင်းကာလတွင် ရှေးထုံးအတိုင်း အိုးအိမ်မထူထောင်သလို၊ ရဟန်းသံဃာများလည်း ဝါပန်ကာ တစ်ရပ်တစ်ပါးမသွားကြသဖြင့် အိမ်ထောင်ပြုခွင်ရသည့် တစ်ရပ်တစ်ပါးသွားခွင့်ရသည့် ဝါကျွတ်ချိန်၊ သီတင်းကာလကျွတ်သော ဤအချိန်ကာလကိုစောင့် ကာ ပြုဖွယ် ကိစ္စများ ကို ပြုကြရသည်အထိ သဖြင့် သီတင်းကျွတ်ကာလက တန်ဖိုးကြီးမြတ် လှသည်။ နောက်ပိုင်းတွင် ဤသို့မဟုတ်။ခေတ်ကာလပြောင်းလဲလာမှု ၊ဘာသာရေးနှင့် နိုင်ငံရေးရော ယှက်နွယ်လာမှု ၊တားမြစ် ကန့်သတ်ပိတ်ပင် မှုများ ရှိလာမှုတို့ကြောင့် ဘာသာရေးအရ တန်ဖိုးကြီးကြီးမြင့်လှသော သီတင်းကျွတ်အခါသမယမှာတန်ဘိုးယုတ်လျော့လာခဲ့သည်။ထိုအခြေအနေက ကောင်းသည့်အစဉ်အ လာ တော့ မဟုတ်။ယခုဆို ဘုရားရှင် တာဝတိ ံသာမှ ဆင်းလာသည်ကို ပူဇော်သည့် အနေဖြင့် ဆီမီးထွန်းကာ ပူဇော်ကြသည့် အစဉ်အလာကို လမ်းတိုင်း ရပ်ကွက်တိုင်းတွင် မတွေ့ရနိုင်သော်လည်းဝါကျွတ်အထိမ်းအမှတ် သောက်ကြစားကြပျော်ပါး
ကြသည်ကို ပြောင်းလဲတွေ့နေရပြီ ဖြစ်သည်။
ထို့အတူ ကောင်းမြတ်သည့် အစဉ်အလာဖြစ်သော သားသမီးက မိဘကို ကန်တော့သည့် ၊ညီနှင့်ညီမ က အစ်ကိုအစ်မကို ကန့်တော့သည့် တူတ/တူမတွေက ဦးလေးဘကြီးကို ကန်တော့ကြသည့် ကြီးသူက ငယ်သူ ကို ကန်တော့သည့် တပည့်က ဆရာကို ကန်တော့သည့် အဓိပ္ပါယ် သည်လည်း တစ်နှစ်တာလုံး သိ၍ဖြစ်စေ မသိ၍ဖြစ်စေ ကျူးလွန်မိသမျှ ကို ပြေပျောက်စေရန် ကန့်တော့သည့် လေးနက်သည့် အဓိပ္ပါယ်မှ ဝတ်ကျေ တန်းကျေ ကန့်တော့ ကျသည့် မကောင်းတတ်လို့ ကန်တော့ကျသည့် အခြေအနေသို့ တဖြေးဖြေး ပြောင်းလဲ လာနေသည် ကို တွေနေရပြီဖြစ် သည်။တစ်ကယ်ကသီတင်းကျွတ်လပြည့်နေ့ဆိုသည်ကား လောကုတ္တရာအရ မိဘကျေးဇူးကို ဆပ်သည့်နေ့၊ဘုရားဆုပန်နေ့၊အဘိဓမ္မာ ခုနှစ်ကျမ်း ကိုကုန်စင်အောင်ဟောကြားတော်မူခဲ့သည့် နေ့ ၊ဝါဆို ရဟန်းသံဃာတို့ ပဝါရဏာ ပြုသည့်နေ့ ၊ကထိန်ဦးကထိန်ဖျားခင်းခွင့်ရသည့်နေ့ စသည့် အဓိပ္ပါယ်များဖြင့် ပြည့်လျှမ်းနေသည့် နေ့ထူးနေ့မြတ်ဖြစ်သည်။
ဤသို့ လောကီလောကုတ္တရာနှစ်ဖြာတွင် အထွဋ်အမြတ်ထားရသည့် သီတင်းကျွတ် လပြည့်နေ့၏ ပို၍ ထူးခြားသည့် ဝိသေသ လက္ခဏာ တစ်ရပ် မှာ တစ်ဦး၏အပြစ်ကို တစ်ဦးက ခွင့်လွှတ်နားလည်ပေးသည့် ခွှင့်လွှတ်ခြင်း တွေ ထုံလွှမ်းသော နေ့ဆိုသည်က မမှားနိုင်ပေ။ သို့သော် ယနေ့ခေတ်အခါတွင် သီတင်းကျွတ်ဆိုသည်က ခွင့်လွှတ်ခြင်းတွေ ထုံလွှမ်း သော နေ့ ဖြစ်ဖို့ က အခွင့်အလမ်းနည်းလာပြီဖြစ်သည်။လူတွေ ဘာသာတရားအားနည်းလာသည့်အခါ ၊သက်ဝင်ယုံကြည်မှု အားနည်း လာသည် အခါ ၊ဘာသာရေးကို ခုတုံးလုပ်ကာ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ကိုရှေ့တန်းတင်လာသည့်အခါ၊ရုပ်ဝတ္တု နှင့်အပျော်အပါးဘက်အားကောင်း မောင်း သန်ဖွံ့ဖြိုးလာသည့် အခါ ဘာသာတရားအရ မွန်မြတ်သည့် သီတင်းကျွတ်လပြည့်အခါ သမယ၏ အနက်အဓိပ္ပါယ်က ပြောင်းလဲစပြု လာခဲ့သည်။ ယခုပင်လျှင် သီတင်းကျွတ်လပြည့်နေဆိုသည်က အဘိဓမ္မာနေ့၊ မိဘကျေးဇူးဆပ်သည့်နေ့ ဆိုတာထက် ပျော်ဖို့ပါးဖို့က အဓိက အချိန်းအချက်ပြုကြသည့်နေ့ဖြစ်လာနေပြီဖြစ်သည်။ ယခင်လို့ ဘာသာရေးနှင့် နွယ်သည့် ပျော်ပွဲရွှင်ပွဲမျိုး ပြန်စည်ကားလာဖို့ ဆိုတာ မသေချာ တော့…။နဂိုရှိရင်းစွဲလေးဖြစ်သည့် မိဘဘိုးဘွားများကို တရိုတသေ ကန်တော့တာမျိုး လေး မပျောက်သွားရင်ပင် တော်လှပြီ ဟုမှတ်ထင်ရမည်ဖြစ်သည်။ထိုထက်ပို၍တစ်ဦးနှင့်တစ်ဦးခွင့်လွှတ်ခြင်း တွေထုံလွှမ်းဖို့ဆိုတာကဒီခေတ်မှာမလွယ်။နတ်ဗြဟ္မာအပေါင်းခြံရံကာ ရွှေစောင်း တန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဖြင် ဘုရားရှင် လူ့ပြ ည် ပြန်လည် ဆင်းသက်ကြွမြန်းတော်မူ သည့်သီတင်းကျွတ်လပြည့်နေ့ရောက် တိုင်း သောက်စား ပျော်ပါး သူတွေ ၊ရန်ဖြစ်သူတွေ ၊အပျော်လွန်သူတွေ ယခင်ကထက် တစ်နှစ်ထက်တစ်နှစ် ပိုများ မလာပါစေနှင့်ဟုသာ။
ဖြိုးဝေလှ
Opinion Leaders Media
No comments:
Post a Comment