Galaxy Note 8 ရဲ့ စွမ်းဆောင်ရည်များ - Welcome
မင်္ဂလာပါခင်ဗျာ........ကျွန်တော့်ရဲ့ blog လေးကနေ နွေးထွေးစွာ ကြိုဆိုပါတယ်။ ဝင်ရောက် ကြည့်ရှူ့သူ မိတ်ဆွေများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

Breaking

Post Top Ad

Friday, 6 October 2017

Galaxy Note 8 ရဲ့ စွမ်းဆောင်ရည်များ


Samsung Galaxy Note 8 Review : After 10 days
-------------------------------------------------
Galaxy Note 8 ကို ၁၀ ရက်လောက်သုံးစွဲကြည့်ပြီးသလောက်အတွေ့အကြုံလေးတွေကိုပြန်လည်မျှဝေပေးချင်ပါတယ်။ Samsung  ဟာ Galaxy Note 7 မှာတုန်းက ပြဿနာတွေအများကြီးရှိခဲ့ပေမယ့် Note 7 ရဲ့နောက်ထွက်တဲ့ Galaxy S8 နဲ့ Note 8 မှာတော့ ဖုန်းအရည်အသွေးပိုင်းမှာတော်တော်ကြီးကိုအသေးစိတ်ဂရုစိုက်လာတာတွေ့ရပြီး ထိပ်တန်းစမတ်ဖုန်းဈေးကွက်မှာဆက်တိုက်အောင်ပွဲပြန်ခံနိုင်ခဲ့တဲ့အနေအထားပါပဲ။

အကြိုက်ဆုံးအချက်များ 
—————————
**Glass နှင့် Metal ရောစပ်တည်ဆောက်ထားသည့် ဖုန်းဒီဇိုင်းမှာလှပသေသပ်ခန့်ညားမှုရှိခြင်း
**Screen Size ကြီးသော်လည်း လက်ထဲတွင်ကိုင်ရလွယ်ကူမှုရှိခြင်း 
**Display အလွန်ကြည်လင်ပြတ်သားကောင်းမွန်ခြင်း
** RAM ပမာဏ 6GB အထိပါဝင်လာခြင်း
**ယခင် Note Series စမတ်ဖုန်းများထက် ပိုမိုသိသာကောင်းမွန်သော S Pen features များ
**Camera အရည်အသွေးသိသာစွာကောင်းမွန်ခြင်း
**အခြားမော်ဒယ်မြင့်ဖုန်းများမှာယခုအချိန်အထိအစုံအလင်မပါဝင်သေးသည့် Iris Sensor,Fingerprint,VR,Dual Camera, DEX,Wireless Charging, Heart rate sensor, Water & Dust Resistence စတဲ့ features အစုံအလင်ဟာ Galaxy Note 8 မှာတစ်စုတစ်ဝေးတည်းအကုန်ပါဝင်ခြင်း
**ဖုန်းကိုသာမက S Pen ကိုပါ IP 68 ရေလုံနှုန်းအဆင့်ပေးထားခြင်း
**ရေစိုနေတဲ့အချိန်မှာ ဖုန်းအားပေးမသွင်းသည့် feature

မကြိုက်သည့်အချက်များ 
—————————
** ဈေးနှုန်းမြင့်မားလာခြင်း
**Screen size ကြီးမားပြီးလက်ထဲတွင်ကိုင်ရလွယ်သော်လည်း ဖုန်းမှာအနည်းငယ်ရှည်လျားနေခြင်း
** Stereo speakers အနေနဲ့ ယခုထိမပါဝင်သေးဘဲ ဖုန်းအောက်ခြေမှာသာ စပီကာပါတာကြောင့် စပီကာဖွင့်၍ သီချင်းနားထောင်ရတာသိပ်အရသာမရှိခြင်း
**အလွယ်တကူထိတွေ့မိရန်မလွယ်ကူသည့် Fingerprint Sensor အရွယ်အစားနှင့် နေရာအထားအသို
** Battery အားတာရှည်ခံမှုပိုင်းမှာအရမ်းအားမရသေးခြင်း

Design
————
 Samsung ဟာ Galaxy S6 ကနေစပြီး Galaxy စီးရီးစမတ်ဖုန်းတွေရဲ့ဒီဇိုင်းပိုင်းကိုအကြီးအကျယ်စတင်ပြောင်းလဲခဲ့ပါတယ်။ အခု Galaxy Note 8 မှာဆိုရင်လည်း သူ့အရင် Note 7 နဲ့ယှဉ်လိုက်ရင် ဒီဇိုင်းပိုင်းအရအများကြီးပြောင်းလဲမှုရှိပါတယ်။ Galaxy Note 8 ကတော့ အရင် Note စီးရီးစမတ်ဖုန်းဒီဇိုင်းတွေနဲ့ကွဲထွက်ပြီး Infinity Display ကိုစတင်အသုံးပြုထားတဲ့ Galaxy S8 စမတ်ဖုန်းဒီဇိုင်းပုံစံမျိုးကိုအခြေခံထားတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် Note 8 ရဲ့ ဖုန်းဒီဇိုင်းပုံစံကတော့ Galaxy S8 နဲ့ယှဉ်လိုက်ရင် ဘေးထောင့်အနေအထားတွေက S8 မှာလိုလုံးဝန်းတဲ့ပုံစံမဟုတ်ဘဲ လေးထောင့်စပ်စပ်ပုံစံဖြစ်ပါတယ်။

 ဘေးဘောင်ကတော့ Metal Frame ဖြစ်ပြီး ဖုန်းရဲ့ရှေ့မျက်နှာပြင်နဲ့ နောက်ဘက်ခြမ်းမျက်နှာပြင် ၂ ခုစလုံးကို သာမန်အပွန်းအစင်းဖြစ်မှုဒဏ်လောက်ကတော့ ခံနိုင်ရည်ရှိတဲ့ Gorilla Glass 5 မှန်အမျိုးအစားနဲ့ဖုံးအုပ်ထားပါတယ်။ ဒါပေမယ့် ကာဗာတပ်မကိုင်ရင်တော့ တစ်ချိန်မဟုတ်တစ်ချိန်မှာ အပွန်းအစင်းလေးတွေတော့ဖြစ်သွားနိုင်ပါတယ် ။

 ဖုန်းရဲ့ရှေ့ဘက်ခြမ်းဒီဇိုင်းက Galaxy S8+ နဲ့ဆင်ပေမယ့် ဖုန်းရဲ့နောက်ဘက်ခြမ်းမှာကတော့ ကင်မရာအိမ်နေရာအထားအသိုနဲ့ဒီဇိုင်းပိုင်းမှာအနည်းငယ်အပြောင်းအလဲရှိပါတယ်။ Dual Camera, LED Flash, Heart rate sensor, Fingerprint Sensor တို့ကိုအနက်ရောင်နောက်ခံနဲ့အကွက်တစ်ခုတည်းအနေအထားထဲမှာစုစည်းနေရာချထားပါတယ်။ ဒီဇိုင်းပိုင်းအရကတော့ ကျေနပ်အားရမှုရှိပေမယ့် Fingerprint Sensor နေရာအထားအသိုပုံစံကတော့ ဖုန်းရဲ့အလယ်လောက်မှာမရှိဘဲဘေးကိုအနည်းငယ်ရောက်နေတာရယ် ၊ Fingerprint sensor နေရာအနေအထားသေးငယ်ကျဉ်းမြောင်းတာကြောင့် အလွယ်တကူတို့ထိမိဖို့ခက်ခဲပါတယ်။ ဒါပေမယ့် Fingerprint Sensor နေရာလေးကိုသိသာအောင် အနည်းငယ်ချိုင့်ပေးထားပါတယ်။

အပေါ်အောက် နဲ့ ဘေးဘောင်နေရာလွတ်တွေကိုတတ်နိုင်သမျှကျဉ်းမြောင်းအောင်ပြုလုပ်ထားသော်လည်း Screen size နဲ့ aspect ratio အနေအထားကြောင့် ဖုန်းဒီဇိုင်းပုံစံကအနည်းငယ်ရှည်ရှည်လေးဖြစ်နေပါတယ်။ ဒါပေမယ့် အဲ့လိုရှည်ရှည်အနေအထားလေးဖြစ်နေတာကရော ၊ ဘေး Frame တွေကိုကျဉ်းမြောင်းလုံးဝန်းပေးထားတဲ့အနေအထားအရရောကြောင့် လက်တစ်ဖက်ထဲမှာအလွယ်တကူကိုင်တွယ်အသုံးပြုနိုင်တဲ့အနေအထားမှာရှိပါတယ်။ Screen size ၆.၃ လက်မရှိတဲ့ Galaxy Note 8 ရဲ့အရွယ်အစားက Screen size ၅.၅ လက်မအရွယ်အစားရှိတဲ့ iPhone 8 Plus နဲ့အရွယ်အစားချင်းအတူတူပါပဲ။ 

Display 
————
Galaxy Note 8 ဟာ Screen size အားဖြင့် ၆.၃ လက်မ ၊ Screen ratio အနေနဲ့ 18.5:9 aspect ratio ရှိပြီး Screen resolution အနေနဲ့ 2960 x 1440 pixels ဖြစ်ပါတယ်။ Display ရဲ့ Resolution အရည်အသွေးအလွန်ကောင်းမွန်တာကိုတွေ့ရမှာပါ။ 3K Display လို့တောင်ပြောလို့ရမယ်ထင်ပါတယ်။ Screen resolution အနေနဲ့ 2960 x 1440 pixels ထိရှိပေမယ့် ဖုန်းရဲ့ Default အနေအထားမှာတော့ 2220 x 1080 pixels (‘FHD+’, 392ppi) resolution ရုပ်ထွက်အနေအထားနဲ့ပဲဖော်ပြပေးမှာပါ။ ဖုန်းရဲ့ Display ရုပ်ထွက်ကို 2960 x 1440 pixels (‘WQHD+’, 522ppi) အမြင့်ဆုံးအနေအထားမှာထားချင်တယ်ဆိုရင်လည်း ဖုန်းရဲ့ Setting ထဲမှာသွားရောက်ပြင်ဆင်နိုင်အောင်ပြုလုပ်ပေးထားတာတွေ့ရပါတယ်။ ဘက်ထရီအားတော့ အနည်းငယ်ပိုကုန်နိုင်တာပေါ့။ Note 8 ရဲ့ Display ဟာ ရုပ်ထွက်အရည်အသွေးအလွန်ကောင်းမွန်တဲ့ HDR video content တွေကိုလည်းကြည့်ရှုနိုင်တဲ့ High Dynamic Range (HDR) display technology တွေကိုလည်းထည့်သွင်းတည်ဆောက်ထားတာပါ။ Youtube နဲ့ Netflix တို့ရဲ့ HDR Video Content တွေကိုအကောင်းဆုံးရုပ်ထွက်အနေအထားနဲ့ကြည့်ရှုခံစားနိုင်မှာဖြစ်တဲ့အပြင် Infinity Display ရဲ့ဒီဇိုင်းအနေအထားအရ အလွန်ကြီးမားတဲ့ရုပ်ရှင်ပိတ်ကားနဲ့ကြည့်ရှုနေရသလိုအရသာမျိုးကိုခံစားရစေပါတယ်။ ဒါပေမယ့် Online ပေါ်က Video တော်တော်များများကတော့ 16:9 aspect ratio အနေအထားနဲ့ပဲ Screen ပေါ်မှာပေါ်တာဖြစ်တဲ့အတွက် Note 8 ပေါ်မှာ Video အများစုကိုဖွင့်တဲ့အခါ 16:9 ratio အနေအထားနဲ့ပဲပေါ်မှာပါ။ Screen ဘေး ၂ ဖက်နေရာလွတ်လေးတွေမှာတော့ Black Bar အနေအထားနဲ့ဖြစ်နေပါမယ်။ ဒါပေမယ့် Screen နဲ့အပြည့်ပေါ်ချင်ရင်လည်း အလွယ်တကူ ချဲ့နိုင်၊ ပြန်ချုံ့နိုင်တဲ့ Button လေးတစ်ခုဟာ Video ကို Play တာနဲ့ပေါ်လာမှာပါ။ Display ပိုင်းမှာတော့ အပြစ်ပြောစရာမရှိပါဘူး ။ အလွန်ကောင်းပါတယ်။ ဒါပေမယ့် Samsung ဖုန်းတို့ရဲ့ထုံးစံအတိုင်း Auto Brightness အနေအထားမှာဆိုရင် ဖုန်း Screen ရဲ့တောက်ပမှုကအရမ်းသိသာပါတယ်။ Manual ပဲထားသုံးတာကပိုအဆင်ပြေပါတယ်။ S8 ကနေစပြီးအလွန်ကောင်းမွန်လာတဲ့ Infinity Display နဲ့ပတ်သက်ပြီး အခု Galaxy Note 8 ရဲ့ Infinity Display (Super AMOLED Display) ကိုလည်းအမှတ်ပြည့်ပေးရပါလိမ့်မယ်။

Camera
————
Galaxy Note 8 ရဲ့နောက်ဘက်ခြမ်းမှာ Dual Camera ပါဝင်ပါတယ်။ Primary တစ်လုံးအနေနဲ့ 12MP 1/2.55” sensor with 26mm (wide-angle) f/1.7 lens (1.4um pixel size) ဖြစ်ပြီး ၊ Secondary အနေနဲ့ပါဝင်လာတာကတော့ 12MP 1/3.6” sensor with 52mm (telephoto) f/2.4 lens  (1.0um pixel size) Telephoto Lens ဖြစ်ပါတယ်။ ဖုန်းကင်ရာတွေရဲ့ဓာတ်ပုံပိုင်းဆိုင်ရာအရည်အသွေးတွေကိုအကဲဖြတ်သုံးသပ်ပေးတဲ့ DxOMark ရဲ့အမှတ်ပေးချက်အရ iPhone 8 နှင့်အဆင့်တူ 94 မှတ်ရရှိထားပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ကအသစ်ထွက်စမတ်ဖုန်းဖြစ်တဲ့ Google Pixel XL 2 ပြီးရင်တော့ ကင်မရာအကောင်းဆုံးဖုန်းဖြစ်ပါတယ်။ Note 8 ဟာနေ့အလင်းရောင်မှာရိုက်ကူးတဲ့ဓာတ်ပုံတွေဆိုရင်လည်း ရုပ်ထွက်အရည်အသွေးအလွန်ကောင်းမွန်ပါတယ်။ Galaxy Note 8 ရဲ့ကင်မရာဟာ နေ့အလင်းရောင်အနေအထားမှာ ရိုက်ကူးတာမှာတော့ တကယ့်ကိုအကောင်းဆုံးဓာတ်ပုံအရည်အသွေးကိုပေးစွမ်းနိုင်တာတွေ့ရပါတယ်။ Bright light အနေအထားမှတော့ လုံး၀ Excellent ပဲလို့ဆိုပါရစေ။ Indoor lighting အနေအထားမှာလည်း ရုပ်ထွက်အရောင်လှလှနဲ့ဓာတ်ပုံအရည်အသွေးကိုရရှိနိုင်ပါတယ်။ Low Light နဲ့ပတ်သက်ပြီးပြောရရင်တော့ Galaxy S7 ကတည်းက Low Light အနေအထားမှာကောင်းမွန်စွာဓာတ်ပုံရိုက်ကူးနိုင်တယ်ဆိုတာနာမည်ရပြီးသားပါ။ Galaxy Note 8 မှာလည်းအလင်းအားနည်းတဲ့အချိန်တွေမှာရိုက်ကူးရာမှာလည်းတော်တော်အဆင်ပြေပါတယ်။ Portrait Mode အနေနဲ့ဆိုရင် မရိုက်ခင်မှာကတည်းက နောက်ခံကိုဘယ်လောက်အနေအထားထိမှုန်ဝါးပေးမလဲဆိုတာစိတ်ကြိုက်ချိန်ညှိနိုင်တဲ့ Live Focus feature လေးတော်တော်အဆင်ပြေပါတယ်။ ဒါပေမယ့် ညဘက် သာမန်မီးရောင် အနေအထားလောက်မှာဆိုရင် Live Focus ကသိပ်အဆင်မပြေတာကိုလည်းတွေ့ရပါတယ်။ နောက်ပြီး OnePlus 5 နဲ့ Huawei P9/P10 တွေမှာလို ဓာတ်ပုံတွေမှာ Shot on … ဘာညာဘာညာ နဲ့ရေစာထည့်ပေးတဲ့  feature တော့မပါဝင်သေးပါဘူး ။ ဒါပေမယ့်  ဓာတ်ပုံရိုက်တဲ့နေရာရဲ့ညာဘက်အောက်နားက Sticker ထဲကနေ Samsung Galaxy Note 8 ဆိုတာလေးကို ရေစာသဘောမျိုးထည့်သုံးနိုင်ပါတယ်။ Camera Mode လေးတွေလည်းစုံလင်စွာပါဝင်ပြီး Mode အသစ်တွေကိုလည်း Online ကနေထပ် Download လုပ်နိုင်တာကိုလည်းတွေ့ရပါတယ်။ Zoom ဆွဲကြည့်ရာမှာ Note 8 ရဲ့ 2x Optical Zoom ကတော်တော်လေးကောင်းပါတယ်။ ရုပ်ထွက်အရည်အသွေးကျသွားတာမျိုးမရှိပါဘူး ။ Digital Zoom အနေအထားမှာတော့ x4 အနေအထားလောက်ထိပဲဆွဲလို့ကောင်းပါတယ်။ ဒါကြောင့် Galaxy Note 8 မှာ Zoom နဲ့ပတ်သက်ပြီးပြောရရင်တော့ x2 Optical Zoom အနေအထားက ဘယ်အလင်းရောင်အခြေအနေမှာပဲဖြစ်ဖြစ်အဆင်ပြေဆုံးပါပဲ။ 

Performance
———————
Chipset ပိုင်းမှာတော့ Galaxy S8 နဲ့ S8+ မှာအသုံးပြုခဲ့တဲ့ Chipset ကိုပဲဆက်လက်အသုံးပြုထားပါတယ်။ အမေရိကန်နဲ့တရုတ်နိုင်ငံတို့မှာဖြန့်ချိတဲ့ Galaxy Note 8 များမှာ Snapdragon 835 chipset ကိုအသုံးပြုပြီး ကျန်တဲ့နိုင်ငံတွေမှာတော့ Samsung ရဲ့ကိုယ်ပိုင်ထုတ် Chipset ဖြစ်တဲ့ Exynos 8895 Octa (64 bit, 10nm Processor) ကိုအသုံးပြုထားပါတယ်။ RAM အနေနဲ့ 6GB RAM ကိုအသုံးပြုထားပါတယ်။ 3D Graphic Game Performance ပိုင်းမှာလည်းကောင်းမွန်ပါတယ်။ Resolution အရမ်းကောင်းတဲ့ ဂိမ်းကြီးတွေကိုဆော့ကြည့်တာ Graphic ပိုင်းအရလုံးဝအထစ်အငေ့ါမရှိဆော့ကစားနိုင်တာကိုလည်းတွေ့ရပါတယ်။ App တွေသုံးနေချိန်မှာလည်း Force Close ဖြစ်သွားတာ ၊ ဟန်းသွားတာမျိုးလောလောဆယ်ထိတော့ မဖြစ်ဖူးသေးပါဘူး ။ CPU,OS နဲ့ RAM တွေအားလုံးဟာလိုက်ဖက်ညီညီရှိနေပြီး App တွေနဲ့ဖုန်းထဲက feature တွေအားလုံးကို တော်တော်လေးသွက်သွက်လက်လက်သုံးနိုင်တဲ့အနေအထားကိုလည်းတွေ့ရပါတယ်။ AnTutu Benchmark app နဲ့စမ်းသပ်ကြည့်ချက်အရ Exynos 8895 Chipset သုံးထားတဲ့ Galaxy Note 8 (SM-N950F) ဟာ 175564 မှတ်အထိရရှိထားပြီး Galaxy S8,S8+,Sony Xperia Z5 Premium , Mi 6 တို့ထက် 3D,UX,CPU,RAM Performance ရမှတ်ပိုင်းမှာပိုမိုသာလွန်မှုှရှိပါတယ်။ Geekbench 4 app နဲ့ Performance ပိုင်းဆိုင်ရာစမ်းသပ်ကြည့်ရမှာတော့ Single Core မှာ 2005 မှတ်နဲ့ Multi Core မှာ 6599 မှတ်ရရှိထားပြီး  GPU Performance ပိုင်းဆိုင်ရာစမ်းသပ်ချက်မှာတော့ 10037 မှတ်ရရှိထားပါတယ်။ Single Core နဲ့ Multi Core ရမှတ်များမှာတော့ လတ်တလောထွက်ရှိထားတဲ့ Android ဖုန်းအားလုံးထက် သာလွန်ပြီး List ရဲ့ထိပ်ဆုံးမှာရှိနေပါတယ်။ 

Software and S Pen
—————
ဖုန်းရဲ့ System အနေနဲ့ Android 7.1.1 (Nougat) ကိုအသုံးပြုထားပါတယ်။ System တစ်ခုလုံးရဲ့အသွင်အပြင် UI အနေနဲ့ Samsung Experience (SE) 8.5 ကိုအသုံးပြုပေးထားပါတယ်။ Galaxy S8 တွေမှာအသုံးပြုထားတဲ့ UI နဲ့အသွင်အပြင်တူပေမယ့် တစ်ချို့နေရာတွေမှာတော့ အနည်းငယ်လေးကွဲပြားမှုတွေရှိပါတယ်။ Galaxy S8 တွေမှာက SE 8.1 version ဖြစ်တာကြောင့် Note 8 မှာအသုံးပြုထားတဲ့ UI version ကပိုမြင့်ပါတယ်။  Galaxy J Pro စီးရီးစမတ်ဖုန်းတွေမှာစတင်ထည့်သွင်းပေးလာတဲ့ Dual Messenger စနစ်ကို Note 8 မှာလည်းထည့်သွင်းပေးထားတာကြောင့် Facebook , Messenger, Viber, Wechat တွေကို Account ၂ ခုစီထည့်သုံးလို့ရပါတယ်။ Note 8 မှာ မြန်မာဘာသာစကားအနေနဲ့ မြန်မာအလုံးတွေမှာတော့ Zawgyi , Unicode  ၂ မျိုးလုံးပါဝင်ပြီး မိမိကြိုက်နှစ်သက်ရာနဲ့အသုံးပြုနိုင်ပါတယ်။ Security ပိုင်းအနေနဲ့ Pattern,PIN,Password Lock တွေအပြင် မျက်စိသူငယ်အိမ်ကို Scan ဖတ်ပြီး lock ဖွင့်နိုင်တဲ့ Iris Scanner ၊ လက်ဗွေဖတ်စနစ် Fingerprint Scanner ၊ သတ်မှတ်ထားတဲ့တည်နေရာကိုရောက်တာနဲ့ Lock ဖွင့်ပေးနိုင်တဲ့ Smart Lock စတဲ့ Security ပိုင်းဆိုင်ရာ feature အစုံအလင်ပါဝင်ပါတယ်။ ဒါပေမယ့် Fingerprint ကလည်းနောက်ဘက်ခြမ်းမှာစမ်းမိဖို့အနည်းငယ်ခက်ခဲနေတာရယ် ၊ Iris Scanner ကလည်း Lock ဖွင့်မယ်ဆိုရင် Sensor တည့်တည့်ကိုမျက်လုံးခဏလေးကြည့်ပေးလိုက်ရတာမျိုးတွေကြောင့် ကားမောင်းနေရင်းနဲ့ဆိုသိပ်အဆင်မပြေပါဘူး။ ကျွန်တော်ကတော့ မြန်မြန် Lock ဖွင့်ချင်တဲ့အခါ Pattern Lock နဲ့ဖွင့်လိုက်ပါတယ်။ နောက်ပိုင်းထွက်မယ့် Samsung မော်ဒယ်မြင့်ဖုန်းတွေမှာတော့ Fingerprint နေရာကိုဘယ်အချိန်ပဲဖြစ်ဖြစ်ထိတွေ့လို့လွယ်မယ့်နေရာ (သို့)အနေအထားလေးကိုဒီဇိုင်းပြန်ပြောင်းနေရာချသင့်ပါတယ်။ ကွန်ပျူတာ မော်နီတာတစ်လုံးနဲ့ချိတ်ဆက်ပြီး ကွန်ပျူတာတစ်လုံးလိုပြောင်းလဲအသုံးပြုနိုင်မယ့် Dex Feature ကတော့ အရင် S8 မှာကတည်းကစတင်ပါဝင်ခဲ့ပြီး ယခု Note 8 မှာလည်းပါဝင်ပါတယ်။ 

Galaxy Note စီးရီးရဲ့ အဓိက လုပ်ဆောင်ချက်ထဲကတစ်ခုဖြစ်တဲ့ S Pen feature ကတော့ ယခု Galaxy Note 8 မှာလည်းတိုးတက်ပြောင်းလဲမှုတွေတော်တော်လေးရှိပြီး ကျွန်တော့်အနေနဲ့လည်း S Pen feature ပိုင်းမှာစိတ်ကျေနပ်မှုရှိပါတယ်။ S Pen ရဲ့ Pressure Sensor အနေနဲ့ 4096 Level ထိရှိလာတဲ့အတွက် Note တွေထဲမှာ S Pen ထုတ်ပြီးရေးကြည့်ပါ။ တကယ့်စာရွက်ပေါ်မှာရေးနေရတဲ့အတိုင်းနီးပါးခံစားမှုရပါတယ်။ Pen နဲ့ Screen ပေါ်မှာထောက်ထားတဲ့ ဖိအား ၊ ဖိရေးနေတဲ့အနေအထားတွေအတိုင်းပဲ Screen ပေါ်မှာပေါ်ပါတယ်။ ရေထဲမှာလည်း S Pen ထုတ်ရေးလို့ရသလို S Pen ကိုပါရေစိုခံအောင်ပြုလုပ်ပေးထားပြီး S Pen ရဲ့ရေလုံနှုန်းအဆင့်ကလည်း ဖုန်းအတိုင်းပဲ IP 68 ဖြစ်ပါတယ်။ S Pen ပိုင်းနဲ့ပတ်သက်ပြီး ထူးထူးခြားခြားလေးဖြစ်စေမှာကတော့ Live Message ဆိုတဲ့ feature ပါ။ စာလုံးတွေကို animation effect လေးတွေနဲ့လှပအသက်ဝင်စွာရေးနိုင်ပြီး ရေးထားတဲ့ဟာကို GIF Animation ဖိုင်အနေနဲ့ save ထားလို့လည်းရသလို Facebook Messenger နဲ့အခြား Social Network တွေပေါ်ကိုလည်းတိုက်ရိုက်လှမ်းတင်လို့ရပါတယ်။ Lock Screen အနေအထားမှာ Lock ဖွင့်စရာမလိုဘဲ Screen ပေါ်မှာ S Pen ထုတ်ပြီးချက်ချင်း Note မှတ်လို့ရတဲ့ Screen off memo ဆိုတဲ့ feature လေးကလည်းတော်တော်အသုံးဝင်ပါတယ်။ S Pen feature တွေကအများကြီးရှိပါသေးတယ်။ အသစ်ပါလာတာလောက်ပဲအဓိကပြောပြပေးလိုက်ရခြင်းပါ။ 

Battery
————
Note 8 မှာ Battery အနေနဲ့ 3300 mAh Battery တပ်ဆင်ထားပါတယ်။ သာမန် စွမ်းဆောင်ရည်မြင့်ဖုန်းတစ်လုံးမှာဆိုရင်တော့ ဒီ Battery ပမာဏဟာ အားအတော်ခံတယ် အတော်ကောင်းမွန်တယ်လို့ဆိုရမှာဖြစ်ပေမယ့် Display အရမ်းကောင်းနေတဲ့ Galaxy Note 8 မှာကျတော့ ဒီ Battery ပမာဏလောက်က အားအတော်ခံတယ်ဆိုတဲ့အနေအထားထိမရောက်တော့ပါဘူး။ Battery အားခံတဲ့အပိုင်းမှာလည်းမဆိုးပါဘူးလို့ပြောလို့ရရုံလောက်ပဲရှိပါတော့တယ်။ ခရီးထွက်ရင်းနဲ့ ဖုန်းကိုအမြဲဖွင့်သုံးနေမယ်ဆိုရင်တော့ Power Bank ကိုမဖြစ်မနေဆောင်သွားဖို့ပဲအကြံပြုရမှာပါ။ Galaxy Note 8 ဟာအားအလွန်ကုန်လွယ်တဲ့ဖုန်းလို့ ဆိုလိုတာမဟုတ်ပါဘူး။ သူ့ရဲ့ Super AMOLED Display က Battery အားကိုအဓိကသုံးစွဲနေတဲ့အပိုင်းထဲမှာပါဝင်တာကြောင့် ဒီ Battery ပမာဏဟာ ထိပ်တန်းအဆင့်စမတ်ဖုန်းတစ်လုံးအတွက် သာမန်လောက်ပဲဖြစ်သွားတယ်လို့ဆိုလိုချင်တာပါ။ ဒါပေမယ့် Note 7 ရဲ့ဘက်ထရီပိုင်းဆိုင်ရာပြဿနာတွေပြီးကတည်းက Note 8 မှာတပ်ဆင်မယ့် Battery အနေအထားအတွက်ကို Samsung အနေနဲ့အတော်လေးဂရုစိုက်လိုက်ရပုံပေါ်ပါတယ်။ 

Speaker 
————
ဖုန်းရဲ့ Loud Speaker ပိုင်းမှာတော့ အရမ်းကြီးအားရကျေနပ်လှတယ်မရှိပါဘူး ။ Mono Speaker အဆင့်လောက်ပဲပါသေးတဲ့အတွက် သီချင်းတွေနားထောင်ရတာမှာ အသံထွက်ကောင်းမွန်ပေမယ့် အသံထွက်နားထောင်ရတာမှာတစ်ခုခုလိုနေသေးသလိုခံစားရပါတယ်။ ဖုန်းရဲ့အထက်အောက် ၂ နေရာစလုံးမှာ Stereo Speaker အနေနဲ့ပါဝင်လာမယ်ဆိုရင်တော့ အတော်ကြီးကောင်းမွန်မှာပါ။ 

သုံးသပ်ချက် 
—————
Samsung Galaxy Note 8 ရဲ့ဈေးနှုန်းဟာ ၁၂၇၅၀၀၀ ဖြစ်ပြီး iPhone 8 Plus နဲ့ဈေးတန်းတူလောက်ဖြစ်ပါတယ်။ ဒီဖုန်း ၂ မျိုးစလုံးက  ဈေးနှုန်းလည်းမြင့်ပြီး စမတ်ဖုန်းဈေးကွက်ရဲ့ထိပ်ဆုံးနေရာမှာလည်း တန်းတူနီးပါးရပ်တည်နေတဲ့စမတ်ဖုန်းတွေဖြစ်ပါတယ်။ လတ်တလောထိထွက်ရှိထားတဲ့ Android စမတ်ဖုန်းတွေထဲမှာကြည့်ရင်တော့ Galaxy Note 8 ဟာ Hardware feature ပိုင်းအရရော ၊ Software feature ပိုင်းအရပါ ပြည့်စုံ စုံလင်မှုအရှိဆုံး စမတ်ဖုန်းဖြစ်နေပါတယ်။ Galaxy Note 8 နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိတဲ့အချက်တွေအနေနဲ့ရော ၊ သိပ်မကြိုက်တဲ့အချက်တွေ ၊ လိုအပ်တယ်ထင်တဲ့အချက်တွေအနေနဲ့ကတော့ အပေါ်ဆုံးမှာသုံးသပ်ခဲ့သလိုပါပဲ။ Hardware ပိုင်းအရရော Software ပိုင်းအရပါ လတ်တလောထွက်ထားတဲ့စမတ်ဖုန်းတွေထဲမှာ Powerful အဖြစ်ဆုံး Android ဖုန်းကိုရွေးချယ်မယ် ၊ သုံးစွဲမယ့်ငွေကြေးပမာဏအတွက်လည်းပြဿနာမရှိဘူးဆိုရင်တော့ Feature စုံလင်လှတဲ့ Galaxy Note 8 ဟာလည်းနေ့စဉ်သုံးအတွက်ရွေးချယ်သင့်တဲ့စမတ်ဖုန်းတစ်လုံးပါပဲ။ 

သက်နိုင်စိုး 

No comments:

Post a Comment