လူဆုိသည္မွာ - Welcome
မင်္ဂလာပါခင်ဗျာ........ကျွန်တော့်ရဲ့ blog လေးကနေ နွေးထွေးစွာ ကြိုဆိုပါတယ်။ ဝင်ရောက် ကြည့်ရှူ့သူ မိတ်ဆွေများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

Breaking

Post Top Ad

Monday, 11 September 2017

လူဆုိသည္မွာ


                        “ လူဆိုသည်မှာ ”
                       =============

ဂျီအောင်ဘန်း

ကျွန်တော် ပုံမှန်ထိုင်နေကြ လက်ဖက်ရည်ဆိုင်က မြို့ပတ်ရထားလမ်းဘေး တွင် ရှိသည်။ထို လက်ဖက်ရည်ဆိုင် ခပ်လှမ်းလှမ်းတွင် ပစ္စည်းအဟောင်း များဝယ်သော ကုလားဆိုင်များလည်းရှိ၏ စာရေးသူတို့ ထိုင်သော  လက်ဖက်ရည်ဆိုင်သည် ရှေးတရုတ်လက်ဖက်ရည်ဆိုင် ဖြစ်သဖြင့် မနက် ဆယ်နာရီလောက်ထိ လူမျိုးစုံ၊ လုပ်ငန်းစုံ ဝင်ထွက်သူများနှင့် စည်ကား၏။ ဘုရားလူကြီးလည်းထိုင်၏။ အရာရှိ အရာခံလည်းထိုင်၏။သူခိုးဂျပိုးလည်း ထိုင်၏။ကောက်တိုလေးတွေလည်းထိုင်၏။ကျွန်တော်တို့လို ဟိုမရောက် ဒီမရောက်တွေလည်းထိုင်သည်။အလုပ်လက်မဲ့တွေလည်းထိုင်၏။

ထိုသို့ စုံသဖြင့် ကြီးမြတ်မြင့်မားသူက နိမ့်ကျနွမ်းပါးသူကို သနားပါတယ်။ ငါတို့က အဆင့်အတန်း မခွဲဘူးဆိုတာ သဘောထားမျိုးပြ၍ ကိုယ့်ထက် နိမ့်သူကိုကြည့်ကာ ကျေနပ်မှု လာယူသလို နိမ့်ပါးသူကလည်း “ ဘယ်လောက်ပဲ မြင့်မားပါကွာ၊ လက်ဖက်ရည်သောက်တော့ ငါတို့နဲ့ တစ်တန်းတည်း သောက်ရတာပါ ” ဟူသော တန်းညှှိသည့် စိတ်ထားမျိုး လာမွေး သည့် လက်ဖက်ရည်ဆိုင်မျိုးလည်း ဖြစ်သည်။ထို့ကြောင့် ထိုတရုတ်ဆိုင်တွင် လူအမျိုးမျိုး အဖြစ်အပျက်အထွေထွေကို မြင်ရလေသည်။

ထိုအထဲ တစ်ခါတစ်လေ စိတ်ပျက်စရာမြင်ရသည့်အထဲတွင် အတော် စိတ်ရှုပ်စရာ ကောင်းသည်က ဆယ်ကျော်သက်အရွယ် (အများဆုံး ဆယ်နှစ်နှစ်လောက်သာ အကြီးဆုံးရှိမည်) ပလပ်စတစ်ကောက်သည့် ကော်ရှုသည့်အဖွဲ့ ဖြစ်သည်။ထို ကလေးငယ်များသည် ဘယ်နေရာက လာသည်မှန်းမသိ။ဘူတာမှာ မိုးလင်းမိုးချုပ် တွေ့ရသည်။

တခါတရံ လှော်ကားရထားဝင်လာပြီးနောက် လက်ဖက်ရည်ဆိုင်ထဲ ဝင်လာသည် လက်ဖက်ရည်တိုင်ကီ သုံးခွက်မှာမည်။ပြီးတော့ ပါလာသော သူအားလုံးတို့ ရေနွေးကြမ်းပန်းကန်လုံးလေးနှင့် ခွဲဝေကာ ထိုင်သောက်ရင်း ဖွင့်ထားသော တီဗီမှ လာသမျှ  ကား၊ ဇာတ်လမ်း ဟူသမျှ  မနက် ဆယ်နာရီ  လောက်ထိ ထိုင်ကြည့်ကြလိမ့်မည်။ဒါဟာလဲ ဒီ ကလေးအုပ်စု၏ မရိုးနိုင် သော နေ့စဉ်ပုံစံပင် ဖြစ်သည်။ပြီးလျှင် အလျှိုလျှိုအိတ်လေးတွေဆွဲ၍ ထွက်သွားကြမည်။ကော်ဗူးလေးတွေ ထုတ်ရှုသွားကြမည်။ထို ကလေး အုပ်စုတွင် ထိန်းကျောင်းသူ ဘယ်သူမှမပါ။

ဒီကလေးတွေ ကိုယ့်ဝမ်းကိုယ် ကျောင်းနေရသည်လား။တချို့ဆို ဆယ်နှစ်တောင် မပြည့်တတ်သေး မိသားစုဝန်ကို ထမ်းနေရသော ကလေးသူငယ်များတောင် ရှိလေသည်မို့ ကလေး ကလေးချင်း အထိန်းအကွပ်မရှိ၊ ယောကျ်ားလေး မိန်းကလေး ရောကာ အဝတ်အစား မပြည့်မစုံ ဟိုပြဲဒီပြဲနှင့် ထို ကလေးငယ်များမှာလည်း လက်ဖက်ရည်ဆိုင်က ဖွင့်ထားသော တီဗီက နေပြသည့် စမတ်ဒေါင်းလို ရိုက်နှိက်သတ်သည့် ကစ်ဆောက်ဆာပွဲများ၊ နိုင်ငံခြားအကများ၊ သီချင်းခွေများ၊ မြန်မာလူငယ်သီချင်းခွေများ၊ မြန်မာ  အချစ်ဇာတ်လမ်းခွေတွေ၊ နိုင်ငံခြား အချစ်ဇာတ်လမ်းခွေတွေ ပြလာ၏။ ဒါလဲဘာမှ ထူးသည်မဟုတ်။ရန်ကုန်မြို့ မှာ ရှိသည့် လက်ဖက်ရည်ဆိုင်တိုင်း ဒီလိုချည်းပဲမဟုတ်လား။

သည်လိုနှင့် ဗိုက်ပူချက်စူ ကလေးအုပ်စုနှစ်စုထဲမှ ကလေးမ တစ်ယောက် သည် နှစ်ဝက်လောက်အကြာတွင်  အရွယ်လေးနှင့် မလိုက်အောင် ဗိုက်က ပူထွက်လာ၏။ထိုကလေးမလေးဘေးတွင်လည် ဘောင်းဘီတိုအနားစုတ်လေးနှင့် ဆယ်နှစ် ဆယ့်သုံးနှစ်သာသာ ကလေးငယ်တစ်ဦးက လက်ဘက်ရည်ဆိုင်က လူတွေခမျာ ဒီကလေးမလေး သန်ကောင်ထလို့ အာဟာရမပြည့်ဝလို့ ဗိုက်ပူနေသည်ထင်ပြီး မနေနိုင်မထိုင်နိုင် ဒေသန္တရ မြို့နယ် ကျန်းမာရေးကို သွားဖို့ပြော၏။ဒီတွင် ဒီကလေးတွေ ပြန်ပြောသည့် စကားကြောင့် အားလုံးထိတ်လန့်ကာ ရင်ဘတ်ဖိထားလိုက်ရ၏။ထိုကလေး ဘာများပြောသနည်း။ဟုတ်ကဲ့ ထိုကလေးပြောတာ တခြားတော့ မဟုတ်ပါ။

“ ဦးလေးတို့ကလဲ အဲ့ဒါ သန်ကောင်ရှိလို့ မဟုတ်ဘူး၊ ကျွန်တော်နဲ့ အိပ်လို့ ဗိုက်ကြီးတာတဲ့ ဥစ္စာ ” တဲ့ / ဘုရား ဘုရား --- ဒီကလေး လင်မယားက - မယားကလည်း ဘောင်းဘီဘဝကနေ ထမိန်ဝတ်ရသည့်အရွယ်သို့ ရောက်လိုက်ပုံမရ။ဘောင်းဘီတိုနှင့် တီရှပ်အနွမ်းလေး ဝတ်ထားပုံက စာရေးသူတို့ ငယ်စဉ် ရေကြီးရေတက်လျှင်  တွေ့ရသည့် ဗိုက်ကြီးသည် ငါးလေးတွေ (ခေါ်) ပိုးလောက်လန်းစား ငါးငယ်လေးတွေလို။ကြီးကြီး ကျယ်ကျယ် အိမ်ထောင်ဦးစီးလို့ ခေါ်ရမည့်သူကလည်း စွပ်ကျယ်ဝတ်ကာ ဘောင်းဘီအပြဲလေးနှင့်။လူကြီးတွေကသာ လန့်ဖြန့်ထိတ်လန့် နေသော်လည်း သူတို့က နေရိုးနေစဉ် ပုံစံသာ။

လွန်ခဲ့သော နှစ်ပိုင်းလောက်က ဂျာနယ်တစ်စောင်နှစ်စောင်လောက်မှာ ဥရောပနိုင်ငံ တစ်ခုမှ  ကလေးလင်မယားအဖြစ်တစ်ခုကို တခမ်းတနား လုပ်ပြီး အံသြဖွယ် ဖော်ပြခဲ့သည်။ထိုဂျာနယ်တွင် ကလေးအဖေ ကလေးက သူရဲ့သား နီတာရဲကလေးကို မနိုင်မနင်းချီကာ ပေါင်ပေါ်တင် ချီထားပုံ။ ဒါကိုမြင်ပြီး တော်တော်များများ ထိတ်လန့်နေခြင်းက ဒီအဖြစ်နှင့် ယှဉ်လျှင် အများကြီး အခြေအနေကောင်းသေးသည်။ဟိုမှာက ဖြစ်ရပ်ဆိုးတာ  မှန်သော်လည်း ကူညီဆယ်မ စောင့်ရှောက်မည့် လူမှုအဝန်းအဝိုင်းကောင်း ရှိသည် မဟုတ်ပါလား။သည်မှာက----။

မြန်မာ လူမှုပတ်ဝန်းကျင်က “အပြ” တွေကို သိပ်မက်မောကြသည်။ပြီးတော့ မဟုတ်မှန်း သိရဲ့သားနှင့် တစ်ခုခုကို စိုးရွံ့ပြီး လက်ခံယုံကြည်ပေးသည်။

အရှိအရှိတိုင်း၊ အဖြစ်အဖြစ်တိုင်း ဖွင့်ဟဝန်ခံဖို့ သေမလောက်ရွံသည်။  တကယ့်တကယ်တော့ တိုးတက်သော လူ့ဘောင်ကို တည်ဆောက်ကြ ရာတွင် ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံဌာန္တရများ၊ လူအသုံးအဆောင် ပစ္စည်းများ အဆင့်မြင့်မြင့်မားမား ရှိနေ၊ အသုံးပြုနိုင်ပြနေ၊ ရုပ်ပြကောင်းဖြစ် နေ၍ မလုံလောက်သေး။

ကိုယ်တစ်ဦး တစ်ယောက်မှစ၍ ကိုယ်ပတ်ဝန်းကျင် အနီးတဝိုက်မှာရှိသော လူဆိုသော မှား/မှန် ဆုံးဖြတ် ဆင်ခြင်နိုင်စွမ်းရှိသော သတ္တဝါမျိုးစိတ်တို့၏ လက်ခံကျင့်သုံးနေသော တောရိုင်းဝါဒကို တဖြေးဖြေးလျော့ပါး မပျောက် လာအောင်နှင့် မဖြစ်သင့်တာ မဖြစ်အောင် လုပ်နိုင်တတ်နိုင် လုပ်စွမ်းနိုင် သော လူတွေက လုပ်ကိုင် ဆောင်ရွက်ပေးရဦးမည်။ကိုယ်တစ်ဦး တစ်ယောက်တည်း တစ်သင်းတဖွဲ့တည်း  တိုက်ကြီး ဟီးနေ၊ ကားကြီး ဟီးနေ၊ ရာထူးဌာန္တရတွေ မြင့်မားနေ၍ အဆင့်အတန်းမြင့်သည်ဟု မခေါ်နိုင် သေးပေ။ထိုလူပုဂ္ဂိုလ် လက်ခံ ကျင့်သုံးနေသော စိတ်အခံနှင့် အမျိုးအနွယ် ကို စောင့်ရှောက်ခြင်း၊ လူလူချင်း လေးစားဂါရဝထားခြင်း၊ ကိုယ့်အမိ ညီအစ်ကို မောင်နှမသားချင်း မြေးမြစ်ဆိုလျှင် သည်လိုအဖြစ်ခံနိုင်မလား ဆိုသည့် ကိုယ်ချင်းစာစိတ်တို့ ထားရှိနိုင်မှ ဖြစ်ပေလိမ့်မည်။ဒါမှလည်း လူမှုအဆင့်အတန်းမြင့်မားသည်ဟု ဆိုနိုင်ပေသည်။

စဉ်းစားကြည့်သည်။စောစောက ပြောပြခဲ့သော ပလပ်စတစ်ကောက်သည့်   ကလေးလင်မယားက ကလေးမွေးလာခဲ့လျှင် ထိုကလေးလင်မယား ကလည်း မိမဲ့ဘမဲ့ အခြေအနေမဲ့။ထိုမွေးဖွားလာမည့် ကလေးငယ်၏  မိသားစုဘဝက တိရစ္ဆာန်တစ်ကောင်လောက်တောင် နွေးထွေးမှု၊ ဘဝလုံခြုံမှု၊  စားရေရိက္ခာ နပ်မှန်မှုရှိပါ့မလား။ပြီးတော့ ဆင်းရဲမွဲတေကာ ပညာတတ်မြောက်မှု၊ စဉ်းစားဆင်ခြင်နိုင်စွမ်းနည်းကာ မိဘတွေလိုဘဲ  သံသရာလည်နေခဲ့လျှင်  --- တွေးလျှင် တွေးသလောက် ဆုံးနိုင်မည် မထင်တော့။

“ မိဘ၏ နွေးထွေးမှု မေတ္တာကို မခံစားရဖူးသူသည် သူကိုယ်တိုင်မိဘ နေရာကို ရောက်လာသည့်အခါ မိဘတစ်ယောက်မှာ ရှိသင့်ရှိထိုက်သော အကြင်နာမေတ္တာမျိုး သားသမီးကို မပေးနိုင် ” ဟူသော သဘော သဘာ၀ ရှိသည်။ထိုကဲ့သို့သော ဘဝမျိုး အဖြစ်မျိုးမှနေ လူလားမြောက်လာပြီး ကမ္ဘာ့သမိုင်းစဉ်တစ်လျှောက် လူသားမဆန်သော  ရာဇဝတ်ကောင်များ၊ ဘာသာရေး အစွန်းရောက်တွေ၊  အာဏာရှင်နဲ့ ရက်စက်ကြမ်းကြုတ်သော ဘာသာအယူဝါဒမျိုးများ ပေါ်ပေါက်ခဲ့ဘူးသည် မဟုတ်လား။

ယခု လောလောဆယ် လူ့အဖွဲ့အစည်းအသီးသီးမှာ ဦးဆောင်ဦးရွက် ပြုနေကြသူတွေက ရေများရာ မိုးရွာနေသလို တစ်ကယ်ဖြစ်ရသည့် ရင်းမြစ်တွေကို ဖြတ်ဖို့ထက် ဆန်စင်ရာ ကျည်ပွေ့လိုက်နေသလို ဖြစ်နေ ကြသည်။လူနေမှုအဆင့်အတန်း တိုးတက်မှုကို တိုင်းတာမည်ဆိုလျှင် အများစုက ယခင်ကထက် လူနေမှုအဆင့်အတန်း၊ အသိပညာ၊ ဝင်ငွေ စသည်တို့ ယခင်ကထက် Living Standard (လူနေမှုအဆင့်အတန်း) မြင့်မားလာပြီဟု တထစ်စွဲ မှတ်ယူကြလေ့ရှိသည်။တကယ်တော့ သူတို့ ထင်သလို ဟုတ်ပါရဲ့လား။

တကယ်ကော ယခုအခါ လမ်းမှာ ကလေးငယ်အချင်းချင်း အနိုင်ကျင့်နေ သည်ကို မြင်လျှင် ဝင်ရောက်ဟန့်တား ဆုံးမတာမျိုး ယနေ့ခေတ်မှာ ရှိနေပြီလား။ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ကျူးလွန်မှုတွေကို နောင်မလုပ်ဝံ့အောင် ပြစ်ဒဏ်ပေးဝံ့ပြီလား၊ ပဋိပက္ခ တွေမှာ ကလေးငယ်တွေကို အစတေးခံအဖြစ် အသုံးချဝံ့သည့် စိတ်တွေကို မတူညီသည့် လူ့အဖွဲ့အစည်း နှစ်ဘက်စလုံးက လူသားမဆန်သည့် အရှက်ရဖွယ်အဖြစ် ပြင်းပြင်းထန်ထန် လက်မခံတာတွေ ရှိနေပြီလား၊ မတရားတာကို ရှက်ရွံ့သည့် လုပ်ရပ်အဖြစ် ကလေးငယ်တွေ စိတ်ထဲ ထည့်ပေးနိုင်ပြီလား၊ လမ်းပေါ်က ကလေးငယ်တွေ ပလက်ဖောင်း၊ ဘူတာ၊ လမ်းဘေးအုတ်ခုံ၊ ကျောင်းဇရပ် လှေကား စသည်တွေမှာ ကြုံသလို အိပ်စက်နေရသည့်  ကလေးတွေကို နွေးထွေးသည့် လူ့အဖွဲ့အစည်းထဲ ယနေ့ခေတ်မှာ လူမှုအဖွဲ့အစည်းအသီးသီးမှာ ဦးဆောင်ဦးရွက် ပြုနေကြ သူတွေက လုပ်နိုင်ပြီလား။

ဘာကို တိုးတက်ဖွံ့ဖြိုးသည်လို့ ခေါ်ပါသနည်း။ကိုယ်အနေချောင်ဖို့ ကိုယ့်မိသားစုချောင်လည်စွာ သုံးစွဲနိုင်ဖို့ ကိုယ့်မိသားစုမှ ကိုယ့်မိသားစု  စသည့် အများစုမှာ အတ္တတွေ ကြီးစိုးနေသရွေ့ ဘာမှဖြစ်လာမည်မဟုတ်။ ကိုယ်နှင့် မဆိုင်လျှင် နေစိမ့်သည့်၊ အမြင်မတော်လျှင် ဝင်ရောက်ဟန့်တားဖို့  ပျက်ကွက်သည့်၊ လက်တွန့်ကာ လျစ်လှူကြသည့် စိတ်ဓါတ်မျိုး ထွန်းကား နေသည့် အချိန်အခါမှာ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ခံရတာတွေ၊ တာဝန်မဲ့ အနုပညာရှင်အချို့၏ နာမည်ကြီးရုံသက်သက် ဖော်ချွတ်မှု၊ တရားမဝင် လိင်အသားပေး ရုပ်သံအခွေများ ယခင်ထက် လွယ်လင့်တကူ ရနိုင်မှုတွေ၊ လိင်ပညာပေး အမည်ခံ ကာမအားတိုးဆေး ကုမ္ပဏီတို့၏ လက်သိပ်ထိုးဝါဒဖြန့် ကြော်ငြာပေးသည့် သားသမီးချင်း မစာနာ တဏှာရူးစာရေးဆရာ တချို့၏ ဆောင်းပါးများ၊ ကျန်းမာရေး  အမေးအဖြေပုံစံ တစ်တစ်ခွခွဖော်ပြချက်များကို လူ့အဖွဲ့အစည်း အသီးသီး မှာ ဦးဆောင်ဦးရွက်ပြုနေကြ သူတို့ ဘယ်သူက အမုန်းခံ၊ အန္တရာယ် ဖြစ်ခံ၍ ပြောကြ၊ တားကြ၊ စွက်ဖက်ကြသလဲ၊ တားကော တားရဲကြသလဲ။

လတ်တလောမှ မကြာခဏမြင်တွေ့လာရသည့် အနိဋ္ဌာရုံ မြင်ကွင်းတွေမှာ ကလေးငယ်တွေ မကြာခဏ ထိခိုက်သေကြေနေရသည်ကို မြင်ရသည့်အခါ ကိုယ်အယူဝါဒနှင့် ကိုယ့်အတ္တကိုယ် ကာကွယ်ဖို့  စတေးရဲသည့် လူတွေ၏ စိတ်ကို နားလည်ရန် ခက်လာသည်။ဒီလူတွေမှာ မအေနှမ သားသမီး ချစ်ခင်ရသည့် ဆွေမျိုးသားချင်း ဆိုတာ မရှိဘူးလား။အယူဝါဒနဲ့ ကိုယ်ကျိုး ကိုသာ အဓိကဇောင်းပေး ကြည့်ကြသည်ကို မြင်တွေ့ရသည့်အခါ  တစ်ကယ်လို့ ကိုယ့်သားသမီးသာဆိုရင် ဆိုသည့် ကိုယ်ချင်းစာစိတ်လေး တစ်ခါတစ်လေတောင် ခေါင်းထဲမဝင်လောက်အောင် ဘာတွေများ ခေါင်းထဲရှိနေသလဲဟု ဦးနှောက်တွေကို လှပ်ကြည့်ချင်မိသည်။

ဘာတွေဖြစ်နေကြပြီလဲ။ဘာတွေဖြစ်အောင် လုပ်နေကြသလဲဆိုတာ တွေးကြည့်ရင် ရင်မောစရာပင်ဖြစ်သည်။ကိုယ့်အိမ်ရှေ့ ရောက်လာမှ ကိုယ့်ပြဿနာလို့ ထင်ကြသည့် အမြင်မကျယ်မှု၏ ဆိုးကျိုးကား လာနေ ချေပြီ။မတရားမှု၊ အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှု၊ ကိုယ်ချင်းစာတရား ခေါင်းပါးလာမှု၊ ပညာမတတ်မြောက်မှု စတာတွေကို ကိုယ်နှင့်ဆိုင်သည်ဟု အားလုံးက မထင်သရွေ့ နောင်လာမည့် ဆယ်နှစ်အတွင်း ဒီအကျိုးဆက် တွေ၏ သက်ရောက်မှုကို အားလုံးခံရတော့မည်။

ကျွန်တော်တို့ အားလုံး လူတွေလို့ ကိုယ့်ကိုကိုယ် သတ်မှတ်ကြသည်။ တစ်ကယ်ကော ကျွန်တော်တို့အားလုံး လူသားဆန်ပါရဲ့လား။ပါးစပ်က လူတွေလို့ ပြောနေပေမယ့် လုပ်ရပ်တွေက တိရိစ္ဆာန်တွေလို ပြုမူနေရင်  လူဆိုတာ မည်ကာမတ္တနာမ သတ်မှတ်ချက် တစ်ခုသာ ဖြစ်လိမ့်မည်။

ကိုယ့်ကိုယ်ကို လူဟုတ်မဟုတ် ကိုယ်လုပ်ရပ်နှင့် တာဝန်ယူမှုကသာ ဆုံးဖြတ်လိမ့်မည်။အနာရှိသူများ စပ်ကြပါစေဟုသာ။

Opinion Leaders Media

No comments:

Post a Comment