【 သရော်စာ 】"အားနာစရာကြီး"
ထုံးစံအတိုင်း ရှုံးပြန်ပြီ။ ဒီတော့ အားလုံးက ဘယ်သူညံတယ် ဘယ်သူ က အသုံးမကျဘူး အသံတွေထွက်လာပြန်သည်။ ဒီထဲ နတ်ဆိုးတို့ လုံးဝမပါ။နတ်ဆိုး တို့က အရင်ကတည်းက မြန်မာအသင်း ဆို အထင်ကြီး ပြီးသား။ တစ်ကယ်က နောက်ကွယ်က အကြောင်းသာ ဒီလူတွေသိရင် မြန်မာအသင်းတွေ အခုလက်ရှိခြေက ဘယ်အဆင့်ထိရောက်နေပြီဆိုတာ သိပြီး ရင်ဘတ်ဖိရလိမ့်မည်။ဒါမှ မဟုတ်လည်း ဝမ်းသာပီတိ ဂွမ်းဆီထိသလို ဖြစ်လိမ့်မည်။မပြောမရှိနဲ့ ယုံ။ အိမ်ရှင်လုပ်တဲ့ ဆီးဂိမ်းဘဲကြည့်ဦး။အုပ်စု အဆင့်ကနေ မြန်မာအသင်း အသာလေးတက်သည်။ ဒါပေမယ့် ဒီလိုမျိုး မြန်မာတွေ ဘယ်တော့မှ မလုပ်။ စဉ်းစားကြည့်လေ။ အိမ်ရှင်လဲ ဖြစ် ဗိုလ်လဲစွဲ ဆို တရားပါ့မလား။ပြီးတော့ အားနာစရာကြီး။ ဒါကို လူတွေက မသိ။မြန်မာအသင်းဘဲ ညံ့သလိုလို။ တစ်ကယ်တော့ ကိုယ့်ကွင်းမှာ ကိုယ့်ပရိတ်သတ် အားကိုးနဲ့နိုင်တယ်ဆို ဂုဏ်ရှိပါ့မလား။ဒါကို လူတွေက မသိကြ။ မလေးအသင်းကိုဘဲကြည့် ။သူနိုင်ငံမှာ ဆီးဂိမ်းလုပ်သည်။
ပြိုင်ပွဲတိုင်း ညစ်ပတ်သည်။ ဘောလုံးပွဲစဉ်တွေဘဲ ကြည့်။ ညစ်ပတ် တာ မြင်လို့ မကောင်း။ဗိုလ်လုပွဲရောက်တော့ ရှုံးတာဘဲ မဟုတ်လား။ ဘာထူး သလဲ။ နာမည်ပျက်တာဘဲ မလေးအသင်းရသွားသည်။ ဒါကြောင့် ပြောတာ မြန်မာအသင်း တစ်ကယ်ကန်လျှင် တစ်ကယ်ကောင်းသည်။ ခက်သည်က ယခုထိ ပြိုင်ပွဲတွေမှာ တစ်ကယ်မကန်သေး တာပဲဖြစ်သည်။ ဒီလိုပြောလို့ မယုံဘူးလား။ ယူ၂၀ ကမ္ဘာ့ဖလားပွဲမှာဘဲ ကြည့်။မြန်မာ အသင်း က ပြိုင်ပွဲ အဖွင့်ဂိုးကို သွင်းခဲ့တာ။ ဒီမှာကတည်းက နိုင်ငံတကာက ဘောလုံးကင်း ထောက် တွေ မြန်မာကို သတိပြုမိသွားသည်။မကြာခင်ကပဲ အင်တာလားဘာလားမြန်မာကလေးတွေနဲ့လာကန်သည်။ဘာဖြစ်သွားလဲ။
မြန်မာခြေစွမ်း ကို သိကုန်သည်။ဒီတော့ မပြောရဲ ပြောရဲနှင့် မြန်မာအသင်း က ကလေး သုံးယောက် ကို ခေါ်သွားချင်တယ်လို အသံတွေ ထွက်လာ သည်။ ဒါပေမယ့် သူတို့ခေါ်လည်း ကလေးတွေက လိုက်ချင်မှ လိုက်တာဖြစ် သည်။
တခြားအာဆီယံက ခလေးတွေလို ဥရောပဆိုတာနဲ့ ထွန့်ထွန့်လူးနေ တာမဟုတ်။ ပြီးတော့ မြန်မာတွေက ဒေသအစွဲရှိသည်။ သေမှသေရော မြန်မာနိုင်ငံကနေ ဘယ်တော့မှ ခွာချင်တာမဟုတ်။ ဘောလုံးရွှေခေတ် ဗဟာဒူးတို့၊လှဌေးတို့ခေတ်တုန်းကတောင် သွားခဲ့တာမဟုတ်။ဒီတော့ ဥရောပ ဘာသွားလုပ်ရမှာလည်း။ ဒီမှာက ဥရောပဆိုတာမြန်မာတွေ ရှော့ပင်းထွက် တဲ့နေရာ။ ဒါကြောင့် အင်တာမကလို ဘာစီ ၊မန်ယူက စိတ်ဝင်စား လည်း ဒီက သွားချင်မှ သွားမှာ ။ ဒါပေမယ့် ထိုင်းတို့ မလေးတို့ ဆို တစ်မျိုးပေါ့။ အဲဒီမှာက ကိုယ့်နိုင်ငံကလူတွေ များသည်။ပြန်လာရင်လည်း နီးနီးလေး။ ဒီတော့ ဘာပဲပြောပြော မြန်မာခြေ ဘယ်လိုလည်းဆိုတာ အာဆီယံ က ကောင်တွေ သိသွားကြသည်။ သူတို့ကလေးတွေက ဥရောပ အသင်းလေးတွေမှာ ဘောကောက်ရှာမရသဖြင့် ခရီးသွားဟန် လွဲလောက် သာ ဝင်လုပ်ဖူးကြတာ။
ဒီမြန်မာကလေးတွေကဟိုကလိုချင်ဒီကလိုချင်ဆိုတော့ဒီကလေး
တွေ နဲ့ ဒီမှာကန်ဖို့ ဆိုတာနဲ့ သွေးပျက်နေကြသည်။တစ်အုပ်စုထဲကျသည့် အသင်းတွေဆို မကန်တော့ဘူး။ကန်လဲရှုံးမှာဘဲ ဆိုပြီး ပုဂံတွေ ချောင်းသာတွေ သွားပြီး ပြန်မည်တကဲကဲလုပ်နေလို့ တားထားရသည်။ ထိုင်းအသင်းတောင် မြန်မာ အသင်း ဘုရားတက်ပြီးအောင်မြေတွေဘာတွေ နင်းနေတာတွေ့တော့ ထိုင်းကနတ်ဆရာတွေခေါ်ပြီး ယတြာချေရသည့် အထိ။ အသင်းအားလုံးက ဒီတစ်ခါမြန်မာအသင်း တစ်ကယ်ကန်တော့မည် ထင်ပြီး စိုးရိမ်နေကြသည်။ တစ်ကယ်သာ မြန်မာအသင်းကန်ရင် သူတို့အသင်းတွေ ခွက်ခွက်လန်ရှုံးမယ်ဆိုတာ။ ဒါပေမယ့် သူတို့ သိသည်။ မြန်မာဆိုတာ ဧည့်ဝတ်သိပ်ကျေတဲ့လူမျိုးဆိုတာ။ဒီတော့ အင်တာကခေါ်ဖို့ စဉ်းစားနေတဲ့ ဘောလုံးသမားလေးတွေ ရှိတယ်ဆိုပေမယ့် သူတို့ သိပ် မစိုးရိမ်။ လာပြိုင်တဲ့သူတွေ မျက်နှာမပျက်ရအောင် တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ဧည်ဝတ်ကျေမည်ဆိုတာ တွက်ဆပြီးသား။ ဒါကလည်း အကြောင်းမဲ့မဟုတ်။အိမ်ရှင်အဖြစ် ဆီးဂိမ်းလုပ်တုန်းကတောင် လာပြိုင်တဲ့ သူတွေ စိတ်ချမ်းသာအောင် အုပ်စုကနေ ထွက်ပေးထားတာ သာဓက ရှိတယ်မဟုတ်လား။ တစ်ကယ်ဆို စဉ်းစားကြည့် ။ဘောလုံးပြိုင်ပွဲဝင်တာ အမြင့်ဆုံး ဘာရမှာလည်း။ ဆုကြေးလား။သူတို့ဘယ်လောက်ပေးမှာလည်း။ လေးငါးဆယ်ပွဲ အသေအကြေကန်ပြီး ဗိုလ်စွဲ ဘယ်လောက်ရမလဲ။ အများဆုံးတစ်ယောက် ဒေါ်လာတစ်ရာပေါ့။ ဒီမှာက တစ်ပွဲလောက် ကန်ပြ လိုက်။ ဒေါ်လာ လေးငါးသောင်းအသာလေး။ မြန်မာသာနိုင်တယ်ဆိုရင် ဆုပေးမယ်ဆိုတဲ့သူတွေက ဒင်းကြမ်း။လက်တောင်တားယူထားရသည်။ ဒါတွေမြင်တော့ မက်ဆီတောင် နောင်ဘဝလူဖြစ်ရင် မြန်မာနိုင်ငံမှာ ဘောလုံးသမားလာဖြစ်ပါစေလို့ ဆုတောင်းရသည်အထိ။
မြန်မာတွေချီးမြှင့်ချက်က ကြမ်းသည်။ တစ်ကယ်တော့ ဆီးဂိမ်းတို့ ဘာတို့မှာနိုင်လဲ ရတဲ့ ဆုတံဆိပ်က ပထမရမှ ရွှေရည်စိမ်ထားတဲ့ ရွှေဆုလေး။ ငွေနဲ့ကြေးဆုဆိုတာလည်း ငွေနဲ့ ကြေး ပါလေဆိုရုံ။ဘာမှ မက်စရာမရှိ။ အခုက မြန်မာတွေကို ယခင်လို ဂျင်းလာထည့်လို့ မရ တော့။မြန်မာတွေလည်သွားပြီ။တစ်နပ်စားမလုပ်တော့။ဆိုရှယ်လစ်ခေတ် ကလို ဆုတံဆိပ်လေးတွေ ဗီရိုထဲ ထည့်ထားနိုင်ရုံနဲ့ ကျေနပ်တဲ့ခေတ် မဟုတ်တော့။ ဒီဆုတွေနဲ့ လာမျှားလို့ မရတော့။
ဒီလိုတံဆိပ်မျိုးဆိုတာ မြန်မာနိုင်ငံမှာပေါသည်။ ကွာလတီ ကောင်းကောင်း နဲ့ လိုချင်ရင် ပီအောထွန်းရင်ဆီမှာ မှာလိုက်ရုံ။ ဒါမှ မဟုတ်လဲ အောင်ဆန်းကွင်းပတ်လည်မှာ ရွှေဂုံတိုင်မှာ ဆုတံဆိပ်တွေ ဖလားတွေ ဒိုင်းတွေ လုပ်ပေးတဲ့ ဆိုင်တွေ အပြည့်။ ဒီလို ဆု မဟုတ်ဘဲ တစ်ကယ်ရွှေလိုချင်လား။မြန်မာလောက် ရွှေမမက်တာ ဘယ်မှာမှ မရှိ။ တစ်ကယ် လောဘသတ်နိုင်တဲ့ လူတွေ။
တခြားမကြည့်နဲ့ ၊ကုမ္ပဏီတွေ အစိုးရကို ရွှေတန်နဲ့ချီပေး ဖို့ရှိတာ တောင် အစိုးရက အလျင်မလိုတာကြည့်ရင် မြန်မာတွေ ဘာကြောင့် ရွှေမမက်လဲ ဆိုတာ သိနိုင်သည်။ငွေနဲ့ကြေးဆို စဉ်းစားသာကြည့်။
ဒီတော့ဆုတွေ ဘာတွေပေးသည့် ပြိုင်ပွဲတွေမှာ နိုင်အောင်ကန်တော့ကော မြန်မာအသင်းအတွက် ဒီဆုတွေက သူများတွေလိုမရဘူးတာမှမဟုတ်တာ။
တစ်ကယ်တော့ မရဘူးသေးသည့်သူတွေ ၊ ရုပ်ပျက်ဆင်းပျက် အငမ်းမရ လိုချင်နေသည့်အသင်းတွေကို ဦးစားပေးရမည် မဟုတ်လား။
ကိုယ်က မရလည်းဘာမှ မဖြစ်။အိနြေ္ဒရရ နေဖို့က အရေးကြီးသည်။
ဒါကြောင့်ပြောတာ။မြန်မာအသင်း တစ်ကယ်သာ စိတ်ပါလက်ပါကန်ကြည့်။ မနိုင်တဲ့အသင်းမရှိဘူးဆိုတာ။မယုံရင် အခုကန်နေတဲ့ပွဲတွေကိုဘဲ ကြည့်။
အုပ်စုပွဲတုန်းက အင်ဒိုအသင်းကို ဦးဆောင်ဂိုးသွင်းတော့အင်ဒိုကောင်လေး တွေ စိတ်ထိခိုက်ကုန်သည်။ ဒါကြောင့် နောင်မြန်မာအသင်းဆိုတာနဲ့ မကန်ရဲဖြစ်နေမှာစိုးလို့ အနိုင်ပေးလိုက်ခြင်းဖြစ်သည်။
ဒါကိုများ ဟိုပြောဒီပြောနဲ့။အုပ်စုနောက်ဆုံးပွဲမှာအင်ဒိုကိုဂိုးပြတ်နိုင် တဲ့ ဗီယက်တွေကို ပွဲစကတည်းက တစ်ဂိုးကြောပေးပြီး ပွဲပြီးခါနီးမှ အနိုင်ယူ တာကိုပဲကြည့်။ ဒီလိုမျိုး ဘရာဇီးလုပ်ရဲလား။ ရီးရဲလ်လုပ်ရဲလား၊ မန်ယူ လုပ်ရဲလား ပြောကြည့်။ဘယ်မှာတွေ့ဖူးလဲ။ကြောင်က ကြွက်ကို ကစား သလို ကစားတဲ့ပွဲမျိုး။ ဒါပေမယ့် ကိုယ်ကြောင့် ဗီယက်နမ် ကလေးတွေ မျက်ရည်ကျတော့ ကိုယ်တွေလည်း စိတ်မကောင်း။ နောင်ဒီလိုမဖြစ်စေရဘူး ပေါ့။ မြန်မာဆိုတာ ဒီလိုမျိုး။ ဘာတဲ့သနားစိတ်အပြည့်ရှိတဲ့အသင်း။ စာနာစိတ်အပြည့် ရှိတဲ့ အသင်း။ပြိုင်လာရင် အရှုံးပေး နှလုံးအေးတဲ့အသင်း ဆိုလား။
ဒါကိုများနားမလည် ပါးမလည်နဲ့ မလေးကို ဆီမီးမှာမနိုင်လို့ကလေး
တွေ ကို အပြစ်ပြောချင်သေးသည်။ တစ်ကယ်က မြန်မာဆိုတာ " သူများ ရိုင်းလည်း ကိုယ်မရိုင်းဘူး"ဆိုတာကို အခါအခွင့်ကြုံတုန်း ပြလိုက်တာ။
"မင်းတို့မလေးတွေ အိမ်ကွင်းအားကိုးနဲ့ အနိုင်ကျင့်ပေမယ့် ငါ့တို့အလှည့် မှာ ဒီလိုအောက်တန်းကျကျ မလုပ်ဘူးကွ"ဆိုတာကို ပြလိုက်တာ။
ဒါကိုများ။
တစ်ကယ်သာ မြန်မာကလေးတွေ စိတ်ပါလက်ပါ ကန်ကြည့်။ ဂိုးပြတ်တာပေါ့။ ဒါပေမယ့် ဒီလိုမလုပ်။ ဘယ်တော့မှ မလုပ်။မြန်မာဆို တာက သူများရက်စက်လည်း ပြန် ရက်စက်တတ်တဲ့ လူတွေ မဟုတ်။
အမျိုးဂုဏ် ဇာတိဂုဏ် ကြီးမြတ်သည့် လူတွေ။ဒါကို နားမလည် တဲ့ လူတွေက အားမလိုအားမရဖြစ်လို့။ သေသေချာချာ စဉ်းစားကြည့်။ ဆီးဂိမ်း မှာ ဒီနှစ် ဗိုလ်စွဲကြည့် နောက်နှစ် ပြန်ကာကွယ်နေရမည်။ အလုပ်တောင် ရှုပ်သေးသည်။
ဒီလိုဘဲ ယခုပြိုင်ပွဲ ခြေစွမ်းပြကြည့် ။ ကမ္ဘာ့ဖလားတက် ကန်နေ ရဦးမည်။ကမ္ဘာ့ ဘောလုံးကင်းထောက် တွေ ဒီအထိ လာခေါ်နေရမည်။ ကိုယ်မလိုက်သရွှေ့ ခဏခဏ လာနေရမည်။လိုက်သွားပြန်လို့ နာမည်ကြီး လာရင် အလုပ်ကများဦးမည်။ နောင်ဆို မြန်မာလိဂ်ပွဲတွေ မှာ ဥရောပ ကင်းထောက် တွေနဲ့။ ဘောလုံးကို အကြောင်းပြပြီး ပြည်တွင်းရေး လာရှုပ် နေရင် ဘယ်လောက်စိတ်ရှုပ်ရမလဲ။စဉ်းစားကြည့်။ဒီလိုစေတနာတွေ ကို လူတွေက နားမလည်။လူတွေက ရှုံးတာနဲ့ အပြစ်တင်ဖို့ဘဲ ကြည့်ကြသည်။
တစ်ကယ်က အာရှမှာ အရှေ့တောင်အာရှမှာ ဗိုလ်စွဲချင်လျှင် လွယ်သည်။
ဒါပေမယ့် လှေထိုးကြီးရိုးရိုးတော့မရ။ နတ်ဆိုးကို ဒေါ်လာ ဆယ်သန်းသာ ပေး။ဒီနေ့ပေး။မနက်ဖြန် ဗိုလ်စွဲရမည်။ ဘယ်လိုလုပ်မလဲ လာမမေးနဲ့။ ကွန်တီ၊ဂွာဒီယိုလာ၊မော်ရင်ဟို ဘယ်နည်းပြမှလည်း မလို။ ဘယ်ဘောလုံး သမားကောင်းမှလည်းမလို ဘောလုံးဖြောင့်အောင် ကန်တတ်သူ ၊ ခပ်ဝေးဝေး ကန်တတ် သူရှိရင် ရပြီ။
လုပ်ရမှာလွယ်သမှ လွယ်လွယ်လေး။ငါ့သင်း ဗိုလ်စွဲ ရင် မင်းတို့ ဒေါ်လာတစ်သန်းရမယ်လို့ ကျန်တဲ့အသင်းတွေကို ပြောကြည့်လိုက်။
ဒါကြောင့်ပြောတာ ဗိုလ်စွဲဖို့ဆိုတာ လွယ်ပါတယ်လို့။ တော်တော် ကံမကောင်း မှ ပလာတီနီတို့လိုဖြစ်မည်။တစ်ကယ်တော့ ဆယ်သင်းရှိတဲ့ ပြိုင်ပွဲမှာ ဆယ်သင်းစလုံး ဗိုလ်မစွဲသေးဘဲ ကိုယ်က ခဏခဏဗိုလ်စွဲနေရင် သာ ရှက်ရမှာ။အားနာရမှာ။ ဒါကြောင့်ပြောတာ မြန်မာအသင်း မနိုင်တာ တစ်ကယ်မကန်သေးလို့ပါ ။
အားနားလို့ အနိုင်မကန်သေးတာပါလို့။။။။
သူရိန်နတ်ဆိုး
No comments:
Post a Comment