. 🌿ကြီးကြီးကျယ်ကျယ် ပြောနေတဲ့ ဂျနီဗာ ကွန်ဗင်းရှင်း 🌿
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဂျနီဗာကွန်ဗင်းရှင်း ဆိုတာ ဒီရက်ပိုင်း ပြန်ကြားလာလို့၊ Facebook မှာ ကြားသိရတာတွေလည်း အမှားတွေ ပါနေလို့ အမှန်သိအောင် ရှယ်ပါတယ်။
မြန်မာနိုင်ငံဟာ ဒီ ဂျနီဗာကွန်ဗင်းရှင်းရဲ့ ကနဦး စာချုပ် (၄) ခုကို လိုက်နာမယ်လို့ ၁၉၉၂ခုနှစ်၊ သြဂုတ်လ (၂၅)ရက်၊ နဝတ အစိုးရလက်ထက်မှာ ဂတိပြုခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးအုန်းဂျော်က နိုင်ငံကိုယ်စား သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမယ့် ဒီစာချုပ်များရဲ့ နောက်ဆက်တွဲ စာချုပ် (Additional Protocol) များကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားခြင်း မရှိပါ။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ချုပ်ဆိုခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်တွေ အလွန်များတဲ့အတွက် “၁၉၄၉ ခုနှစ် ဂျနီဗာကွန်ဗင်းရှင်းများ” လို့ ခေါ်မှသာ ပြည့်စုံပါတယ်။ ဒီစာချုပ်တွေဟာ ၁၉၄၉ ခုနှစ်မှ ပေါ်ပေါက်လာတာတော့ မဟုတ်ပါ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ ကြိုးပမ်းမှု့များကြောင့် ၁၉ရာစု ကတည်းက စရှိလာခဲ့တဲ့ စာချုပ်အသီးသီးကို ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၉ ခုနှစ်မှာ ပြန်လည် စုစည်းလိုက်တာ ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် ဂျနီဗာကွန်ဗင်းရှင်းမှာ မူလ စာချုပ် (၄)ခုရှိပြီး နောက်ဆက်တွဲ စာချုပ် (additional protocol) ၃ ခု ရှိပါတယ်။ ဒီကွန်ဗင်းရှင်းများဟာ အပြည်ပြည်ဆိုင်ရာ လူမှု့ဂရုဏာဥပဒေ (International Humanitarian Law, IHL) ရဲ့ ပင်မထောက်တိုင်များပဲ ဖြစ်ပါတယ်။
🎩 1st Geneva Convention: ၁၈၆၄ ခုနှစ်မှာ စတင်ပေါ်ပေါက်တာဖြစ်ပြီး မြေပြင်စစ်ပွဲနဲ့ သက်ဆိုင်ပါတယ်၊ စစ်မြေပြင်မှာ ဒဏ်ရာရတဲ့/နာမကျန်းဖြစ်တဲ့ နှစ်ဖက်စစ်တပ်က စစ်သည်တော်တွေကို ပြုစုကုသပေးတာ၊ ဆေးဖက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်း၊ လူနာပို့ဆောင်ရေး စသည်တို့နဲ့ ပတ်သက်ပြီး လိုက်နာကျင့်သုံးရမယ် အချက်တွေ ပါဝင်ပါတယ်။ အပိုဒ် ၆၄ ခု ပါဝင်ပါတယ်။
🎩. 2nd Geneva Convention: ရေတပ်တိုက်ပွဲကြီးတွေ ဖြစ်ပေါ်လာတော့ ပထမကွန်ဗင်းရှင်းနဲ့ မလုံလောက်တော့တဲ့ အတွက် ၁၉၀၇ခုနှစ်မှာ စတင်ပေါ်ပေါက်လာရတဲ့ စာချုပ်ပါ။ ပထမစာချုပ်ပါ အချက်တွေလိုပါပဲ၊ ဒါပေမယ် ရေပြင်စစ်ပွဲတွေရဲ့ သဘာဝနဲ့ ကိုက်ညီအောင် ရေးဆွဲထားတာပါ။ အပိုဒ် ၆၃ ခု ပါဝင်ပါတယ်။
🎩. 3rd Geneva Convention: ပထမ ကမ္ဘာစစ်ကြီးမှာ တစ်ခါမှ မကြုံဘူးတဲ့ စစ်သုံ့ပန်း ပြသနာတွေ ပေါ်လာပါတယ်၊ ဒါကြောင့် စစ်သုံ့ပန်းများအပေါ် မည်သို့ဆက်ဆံ ပြုမူ စောင့်ရှောက်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး WW1 အပြီး ၁၉၂၉ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်ပါ။ အပိုဒ် ၁၄၃ ခု ပါဝင်ပါတယ်။
🎩. 4th Geneva Convention: ဒုတိယကမ္ဘာစစ်ကြီးအတွင်း အရပ်သားများရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးရတာတွေဟာ ကမ္ဘာသမိုင်းမှာ တစ်ခါမှ မကြုံဘူးတဲ့ အနေအထားနဲ့ ရင်ဆိုင်ခဲ့ပြီးတဲ့နောက် ၁၉၄၉ မှာ ပြုစုလိုက်တဲ့ စာချုပ်ပါ။ ပ၊ ဒု၊ တ စာချုပ်များဟာ နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့များနဲ့သာ သက်ဆိုင်ပြီး အခု စတုတ္ထစာချုပ်ကျမှသာ အရပ်သားအတွက် ချုပ်ဆိုခြင်း ဖြစ်ပါတယ်။
ဒီ စာချုပ် (၄) ခုဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်မက်ဖြစ်ပွားတဲ့ အခြေအနေ “အပြည်ပြည်ဆိုင်ရာစစ်ပွဲများ” ကိုသာ ရည်ရွယ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ မပါဝင်ပါ။ အထက်က ဖေါ်ပြသလို ဒီ 1st to 4th စာချုပ်များကို မြန်မာနိုင်ငံက ၁၉၉၂ ခုနှစ်မှာ လက်မှတ်ထိုးထားပါတယ်။
🐹 Protocol-1 (နောက်ဆက်တွဲ စာချုပ် အမှတ်-၁): ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာနဲ့ အဝှန်းမှာ ကိုလိုနီ အပြုခံထားရသူတွေက ကိုလိုနီပြုထားသူတွေကို ပြန်လည် တိုက်ထုတ်ကြတဲ့ နိုင်ငံလွတ်မြောက်ရေး စစ်ပွဲတွေ ပေါ်ပေါက်လာတော့ ဒီစစ်ပွဲတွေကို အပြည်ပြည်ဆိုင်ရာစစ်ပွဲ အမျိုးအစားအဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာ စာချုပ်ပါ အချက်တွေအတိုင်း ဆက်ဆံပြုမူဖို့ ၁၉၇၇ ခုနှစ်မှာ ရေးဆွဲလိုက်တဲ့ စည်းမျဉ်းပါ။ မြန်မာနိုင်ငံက ယနေ့အထိ လက်မှတ် မထိုးထားပါ။
🐹. Protocol-2 (နောက်ဆက်တွဲ စာချုပ် အမှတ်-၂): ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး လိုက်နာကျင့်သုံးရမယ့် အချက်တွေပါ။ ၁၉၇၇ခုနှစ်က ရေးဆွဲသတ်မှတ်ပါတယ်။ မြန်မာနိုင်ငံက ယနေ့အထိ လက်မှတ် မထိုးထားပါ။
🐹. Protocol-3 (နောက်ဆက်တွဲ စာချုပ် အမှတ်-၃): စစ်ပွဲတွေနဲ့ တိုက်ရိုက်ပတ်သက်ခြင်း မရှိပါ။ ကြက်ခြေနီအမှတ်အသားနဲ့ သက်ဆိုင်ပါတယ်။ ကြက်ခြေနီ၊ လခြမ်းနီ အမှတ်အသားများဟာ ဘာသာရေး သဘောဆက်နွယ်နေလို့ ဒီ သငေ်္ကတနှစ်ခုကို မသုံးချင်တဲ့ ကြက်ခြေနီအသင်းများအတွက် တတိယ သငေ်္ကတ တစ်ခုကို ဖန်တီးပေးထားတာပါ။ Red Crystal လို့ခေါ်ပါတယ်၊ ဖဲချပ်တွေမှာ ပါတဲ့ အနီရောင် ဒိုင်းမွန်းပုံကို အလယ်က အဖြူ ဖေါက်ထားတာနဲ့ တူပါတယ်။ ၂၀၀၅ခုနှစ်က ရေးဆွဲသတ်မှတ်ပါတယ်။
Credit- U Tun Aung Shwe
No comments:
Post a Comment