【 သရော်စာ 】
ပြည်ထောင်စုသမ္မတ ဖေ့ဘွတ်နိုင်ငံတော်
==============================
ယခင်ကတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် ဖေ့ဘွတ်တည်း ဟူသော အရာသည် ရေပေါ်ဆီ လူတန်း
စား၏ ဇိမ်ခံပစ္စည်းဖြစ်သည် ။အိုင်တီနည်းပညာနှင့် နီးစပ်သောလူငယ်အချို့ကား အင်တာနက် ဆိုင်လေး
များတွင် တန်းစီ တိုးဝှေ့ သုံးကြရသည် ။
ပြတ်တစ်လှည့် ငတ်တစ်လှည့် ကော်နက်ရှင်လေးကို စိတ်ရှည်ရှည် စောင့် ကာ သုံးခဲ့ကြသည် ။တစ်ချို့သော အထက်တန်းလွှာများကတော့ အိမ်တွင် ကွန်ပျူတာ
ဆင်ကာ အစိုးရထံမှ အင်တာနက်လိုင်းယူသုံးကြ၏။
ယခုတော့ ခေတ်ကားပြောင်းလဲခဲ့ပြီ ။ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမဟုတ်တော့ဘဲ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးဖြစ်ပြီ ။
အင်တာနက်သုံးနိုင်သည့် လက်ကိုင်ဖုန်းတွေပေါ်လာ
သည်။ အင်တာနက်တစ်ခါတည်းပါသော ဖုန်းလိုင်း
ကဒ်တွေ ဈေးပေါလာသည် ။
ဒီတော့ လွှတ်တော်ဥက္ကဋ္ဌလည်း ဖေ့ဘွတ်သုံးပြီ။ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများလည်း ဖေ့ဘွတ်သုံးပြီ။
တပ်မတော် အရာရှိကြီးငယ်များ၊အရပ်ဘက်ဝန်ထမ်း
များလည်း ဖေ့ဘွတ် သုံးကြပြီ ။
စံပြဈေးမှ ငါးသည်မအုန်းကြည်လည်း ဖေ့ဘွတ်
သုံးပြီ ။ လှိုင်သာယာ မီးခွက်ဈေးက ဆိုက်ကားဆရာ ကိုတင်ဌေးလည်း ဖေ့ဘွတ်သုံးပြီ။
ဟုတ်ပြီ ။
လူတိုင်းဖုန်းကိုင်ပြီး ဖေ့ဘွတ်နိုင်ကြပြီဆိုတော့ လူတိုင်း
သတင်း အချက်အလက်တွေ ကို အချိန်နှင့်တပြေး ညီသိနိုင်ပြီပေါ့ ။လူူတွေကလည်း ခက်သည်။
အစိုးရကျေးဇူးကြောင့် ဖေ့ဘွတ်သုံးနိုင်သည့်မျက်နှာမှ မထောက် ဖေ့ဘွတ်မှ ဆဲကြသည်။
နဂိုကမှ တစ်နေ့နှစ်ထောင်နဲ့ မနည်းလောက်အောင်သုံးနေရသည့် ပြည်သူများမှာ
အခုတော့ စားဝတ်နေရေး အပြင် ချက်ပွတ်ဆွဲရေး
အတွက်ပါ ငွေရှာရတော့၏။
ချက်ပွတ်ဆွဲ ရေး ဆိုသည့်အတွက် တစ်မျိုးတော့
မထင်စေချင်။ ချက်တင်ထိုင်ရေး ၊ ဖုန်းပွတ်ရေး နှင့် ဒေါင်းလော့ဆွဲရေးကို အတိုကောက် နာမည်ပေး
လိုက်ခြင်းပင်။
အစိုးရကို လူတစ်ချို့ကဖေ့ဘွတ်မှ ဆဲကြသဖြင့်
အစိုးရဘက်မှ ပြန်ဆဲပေးသည့် လူများပေါ်လာသည်။
ဖေ့ဘွတ်ပေါ်တွင် တိုက်ပွဲဝင်သည့် တော်လှန်ရေးသမား ၊ ဖေ့ဘွတ်ပေါ်တွင် အတိုက်အခံလုပ်သည့် နိုင်ငံ ရေးသမား ၊ ဖေ့ဘွတ်ပေါ်တွင် စည်းရိုးထိုးသည့် အမျိုးသားရေးသူရဲကောင်းတွေပေါ်လာသည်။
တစ်ဖက်ကလည်း ဖေ့ဘွတ်ပေါ်တွင် ပရိသတ်ရှာသည့်
အမတ်၊ ဖေ့ဘွတ် ပေါ်တွင် သတင်းထုတ်ပြန်ပြီး သတင်း စာရှင်းလင်းပွဲလုပ်သောဝန်ကြီး ၊ ဖေ့ဘွတ်ပေါ်တွင် အစိုးရသဘောထားကို ထုတ်ပြန်သော ညွှန်ကြားရေးမှူး တွေပေါ်လာသည်။
နောက်တော့ ဖေ့ဘွတ်ပေါ်တွင် သူဆဲကိုယ်ဆဲ ဆဲကြရင်း ၆၆ တည်း ဟူသော ပုဒ်မဖြင့် အရေးယူ မည့်ကိစ္စများ ပေါ်လာသည်။
ဒီတော့ လူတွေက ဖေ့ဘွတ်သည် စိတ်ပျက်စရာကောင်း
သည်ဟု ထင်လာ၏။ တကယ်ကား မဟုတ်။
ထိုသို့ ဖေ့ဘွတ်ယဉ်ကျေးမှုတိုးတက်လာခြင်းသည် နိုင်ငံတော်အတွက် အလွန်ကောင်းသည်။
အစိုးရက ဖေ့ဘွတ်က အုပ်ချုပ်မည် ။ ဖေ့ဘွတ်မှ ဥပဒေပြဌာန်းမည် ။ ဖေ့ဘွတ်မှ တရားစီရင်မည် ။လွှတ်တော်ကိုလည်း ဖေ့ဘွတ်တွင် ကျင်းပလျင်ပင် အဆင်ပြေသည်။
အမတ်မင်းများအနေဖြင့်လည်း မီဒီယာကင်မရာ
ပြောင်းများကို ရှောင်နေစရာ မလို။
ကိုယ့်အိမ်က အိပ်ယာပေါ်တွင် ကျောလေးခင်းပြီး
ဥပဒေကြမ်း တင်သွင်းလိုက် ၊ ကန့်ကွက်လိုက် ၊ ထောက်ခံလိုက်နှင့် တော်တော် အလုပ်ဖြစ်နိုင်သည်။
မီဒီယာကလည်း ဖေ့ဘွတ်က သတင်းတွေယူပြီး
ဖေ့ဘွတ်မှာပင် သတင်းတွေ တင်ကြမည် ။အစိုးရကို
ဆန္ဒပြချင် သူတွေ ၊နိုင်ငံရေးလုပ်ချင်သူတွေ အနေဖြင့်
လည်း ထွေထွေထူးထူး လူစုလူဝေးလုပ်စရာမလိုတော့။အစိုးရကို ဆန္ဒပြချင်သူများအနေဖြင့် မြို့တော်ခန်းမပုံ ကာဗာပိုတို တင်ထား သော မြို့တော်စည်ပင်ပေ့ချ်
အောက်တွင် ကွန်မန့်များဖြင့် တောင်းဆို ချက်များ
မန့်ကာ ဆန္ဒပြနိုင်သည်။
အစိုးရအနေဖြင့်လည်း လက်ပတ်နီတွေ ဘာတွေလွှတ်စရာမလို။ ကွန်မန့်ပေးသူများကို
ဘလော့နီများ ပေးလိုက်ရုံဖြင့် ကိစ္စပျက်သည်။ဒါကို မကျေနပ်လျင် သမ္မတရုံးဝက်ဆိုဒ်အောက်တွင် Like Comment မပေးဘဲ သပိတ်မှောက်ခြင်းများ ၊ ကွန်
မန့်ဖြင့် ဆန္ဒဖော် ထုတ်ခြင်းများ သွားလုပ်။
ဟိုက လုံထိန်းဟက်ကာများဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ ဆန္ဒပြသည့် အကောင့် များကို ထိန်းသိမ်းတာမျိုး ပြန်လုပ်ချင်လုပ်မည်။ဘာပဲဖြစ်ဖြစ် လူတွေ အထိအခိုက်သက်သာသည် ။ လက်ပန်းတန်းတုန်းကလိုမျိုး ကျောင်းသားနှင့် ရဲ ပြဿနာတွေလဲ
ကင်းသွားနိုင်မည်။
အဟက်ခံသပိတ်ခေါင်းဆောင်များ၏ အကောင့်များ
ပြန်လည် လွတ်မြောက်ရေး ကမ်ပိန်းများကိုလည်း
ဖေ့ဘွတ်တွင် ပရိုဖိုင်လ်ချိန်းခြင်းဖြင့် ပြုလုပ်နိုင် သည်။
တက်ကြွလှုပ်ရှားသူများကိုလည်း အင်းစိန်ထောင်သို့ ပို့စရာမလိုပဲ တက်ကြွ လှုပ်ရှားအကောင့်များအား ဟက်ကာများဖြင့် ထိန်းသိမ်းထားရုံဖြင့် ကိစ္စပြတ် သည်။
နောက်ပိုင်း ရွေးကောက်ပွဲကိုလည်း မဲရုံတွေ ဘာတွေနှင့် အလုပ်ရှှုပ်ခံ မနေနှင့်တော့။ မဲပေးရမည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ အမည် အား မဲဆန္ဒနယ်အလိုက် အထွေထွေရွေးကောက်ပွဲပေ့ချ်တွင် တင်ထား လိမ့်မည်။
ကိုယ့်ကြိုက်သည့်အမတ်လောင်း၏ အောက်တွင် Like ပေးခြင်းဖြင့် မဲပေးပြီးသားဖြစ်မည်။နှစ်ဘက် အကောင့်တုတွေဖြင့် မဲပေးကြသဖြင့် အကောင့်အတုများများလုပ်နိုင်သည့် ဘက်ကတော့ အသာရမှာ သေချာ သည်။
ဒီလိုဆိုလျင်ဖြင့် ဖေ့ဘွတ်အကောင့် တစ်ခု (၃၀၀၀)ဖြင့် ဖွင့်ပေးနေသည့် အိုင်တီကိုကိုများ မီလျံနာဖြစ် သွားနိုင်
သည့် အခြေအနေလည်း ဖြစ်ပေါ်လာနိုင်ခြေရှိသည် ။
ပါတီများကလည်း အခုကဲ့သို့ အလှပြယာဉ်တွေ
ဘာတွေနှင့် မဲဆွယ်ဖို့မလို။ ဒန်ပေါက်ထုတ်တွေ
ဘာတွေနှင့် တစ်နေ့သုံးထောင်လဲ ကုန်ခံစရာမလို။ဖေ့ဘွတ်ပေါ်တွင်ပင် မဲဆွယ် မဲဝယ်နိုင်ပေသည်။
ငါတို့ပါတီ အာဏာရခဲ့ရင် ဖေ့ဘွတ်ဗာရှင်းကို ဒီထက်ပိုမြင့်ပေးပြီး နိုင်ငံသူ နိုင်ငံသားအားလုံး အင်တာနက်လိုင်းကောင်းကောင်းကို ဈေးသက်သက် သာသာဖြင့် သုံးနိုင်ရမည်တို့။
တောင်တန်းပြည်မမခွဲခြားပဲ ဝမ်းမီဂါဗိုက်ကို တစ်ကျပ်ဖြစ်စေရမည်တို့ဖြင့် မဲဆွယ်နိုင်သလို ငါတို့
ပါတီကို မဲပေးမယ့်သူတွေကို ဖုန်းဘေလ် တစ်ထောင် ဖြည့်ပေးမည်တို့ ဘာတို့ဖြင့် မဲဝယ်နိုင်သည်။
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကလဲ ဖေ့ဘွတ်ပေါ်ကပင် စောင့်ကြည့် ။မဲပေးသည့် အကောင့်ပုန်းများကို စိစစ်ပြီး အကောင့်အစစ်များကိုသာ အသိအမှတ်ပြုရန် ရွေးကောက်ပွဲကော်မရှင်ကို
တိုက်တွန်းရုံသာ ။
ရွေးကောက်ပွဲကော်မရှင်ကလည်း မဲစာရင်းကို
ဟိုတစ်ခါလို လိုက်ကောက် နေစရာမလို ။ရွေးကောက်ပွဲ ကော်မရှင်ပေ့ချ်တွင် မဲပေးချင်တဲ့ သူအောက်မှာ နာမည်၊နေရပ်လိပ်စာ၊မွေးသက္ကရာဇ်၊မှတ်ပုံတင်အမှတ်တွေ မန့်သွားဟူသော စတေးတပ်စ်လေးတင်လိုက်လျင်ပင် အိုကေသွားနိုင်သည်။
ဘာပဲဖြစ်ဖြစ် ဖေ့ဘွတ်ကြီးပေါ်တာ နောက်ကျလွန်း
သည်။ စောစောက သာပေါ်လျင် ဆရာစံအရေးတော်
ပုံ သည် ဖေ့ဘွတ်ပေါ်တွင်ပင် ကွန်မန့် တိုက်ပွဲများဖြင့် ပြီးသွားနိုင်သည်။
ဗိုလ်အောင်ကျော်သည်လည်း အင်္ဂလိပ်အစိုးရက အကောင့်ဟက်သည်မှလွဲပြီး အသက်ပင်သေဖွယ်မရှိ။
ဆလိုင်း တင်မောင်ဦးသည် သူ့အကောင့်အား မဆလ
အစိုးရမှ ရီပို့ဝိုင်းထုပြီး ပျက်သလောက်ပင် ဖြစ်တော့မည်။ဘာမှ ကြိုးပေးခံနေစရာမလို။
(၈၈)အရေးအခင်းကြီးပင် ဖေ့ဘွတ်ပေါ်တွင် ဖြစ်သွား
လျင် ဂိုထောင် ဖောက်တာတွေ ပစ်ခတ်တာတွေ လုံးဝရှိ မည်မဟုတ်။
ကွန်မန့်များ စတေးတပ်စ်များဖြင့်သာ ပြီးသွားမည်ထင်
သည်။ မယုံမရှိနှင့်။
အခုကာလမှာတင် ဖေ့ဘွတ်ပေါ်မှနေပြီး အမြောက်တွေဟိုနားကိုပစ် ဒီနားကို ဆော်ဆိုပြီး စစ်ဆင်
ရေး လုပ်နေသူလည်းရှိသည်။
ဖေ့ဘွတ်ပေါ်မှနေကာ အမေရိကန်ကို စစ်ကြေညာပြီး ကတုတ်ကျင်းတွေ တူးနေသည့်သူတွေလည်းရှိသည်။
ဖေ့ဘွတ်ကို နိုင်ငံတော်ထင်နေမှဖြင့် နိုင်ငံသူ နိုင်ငံသား
များရော ၊ အစိုးရမင်းများပါ ဖေ့ဘွတ်ပေါ်မှ တဆင့်
ခေတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို ချီတက်နိုင်တော့မည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်ကြီးကိုလည်း ပြည်ထောင်စုသမ္မတ ဖေ့ဘွတ် နိုင်ငံတော်ကြီးဟု ပြောင်းပစ်ရမည်။
နိုင်ငံတော်အလံကို အပြာခံတွင် အင်္ဂလိပ်အက္ခရာ F
ပါသော ဖေ့ဘွတ်လိုဂိုကို အစားထိုးမည် ။
ပြောင်းလဲပြီး ခေတ်မီဖွံဖြိုးတိုးတက်သည့် အနာဂတ်ပြည်ထောင်စု သမ္မတ ဖေ့ဘွတ်နိုင်ငံတော်
ကြီးနှင့်အတူ မြန်မာပြည်ကို အမှီပြုကာ ကမ္ဘာ့မီလျံနာ စာရင်းဝင်သွားသော သူဌေးကြီးသုံးဦး ပေါ်ပေါက်လာမည်ကတော့ အသေ အချာ ။
ယင်းသူဌေးကြီးတို့ကား ဦးအမ်ပီတီ ၊ ဦးရီဒူး နှင့် မတယ်လီနော့တို့ပင် ဖြစ်လေသတည်း။
ဗြိတိသျှကိုကိုမောင်
No comments:
Post a Comment